စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် အရေးယူ ခံရသည့် ခရီးသည်တင် ယာဉ်မောင်းက ယာဉ်ထိန်းရဲ နှစ်ဦးကို ဓားဖြင့်ထိုး

ပို့စ်တင်ချိန် - 8/31/2013 09:37:00 AM

တာမွေမြို့နယ် လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင် လမ်းထောင့်၌ သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ၁၈၇ ခရီးသည်ယာဉ် ကားတစ်စီး၏ ယာဉ်မောင်း ဖြစ်သူက ၎င်း၏ကားကို ချလန်ဖြတ် အရေးယူခြင်းနဲ့ ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

ထိုသို့ဓားဖြင့် အထိုးခံရသည့် ယာဉ်ထိန်းရဲ တပ်ကြပ်တစ်ဦးမှာ ညာဘက်လက်သန်း ဒဏ်ရာများ ရရှိပြီး ကျန်ရဲတပ်သား တစ်ဦးမှာ ဘယ်ဘက်ခါးတွင် ဓားထိုးဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ပိုင်းတွင် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက် နေထိုင်သူ ယာဉ်မောင်း ခင်မောင်ဌေး မောင်းနှင်သည့် ၁၈၇ ခရီးသည်တင် ယာဉ်သည် တံခါးဖွင့် မောင်းခြင်းကြောင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်နှစ်ဦးက တားဆီးကာ အရေးယူခဲ့သည်။

ယာဉ်မောင်း ခင်မောင်ဌေးမှာ မကျေမနပ်ဖြစ်ကာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်နှစ်ဦးကို ဆဲဆိုပြီး ဓားဖြင့်ထိုးမည်ဟု ကြိမ်းဝါးကာ ကားအားမောင်းနှင် ထွက်သွားကြောင်း၊ မွန်းလွဲပိုင်းတွင် တစ်ခေါက် ပြန်လာကာ ယခုလို ပြစ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်ထိန်းတပ်ဖွဲ့ ခွဲမှူးရုံး(ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ''ဓားနဲ့အထိုးခံရတဲ့ တပ်ဖွဲ့ဝင်နှစ်ဦး အခြေအနေက လက်ရှိအချိန်မှာတော့ ကောင်းပါတယ်။ ကျူးလွန်ခဲ့တဲ့ ယာဉ်မောင်းကို သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့် ထားပါတယ်'' ဟု သြဂုတ် ၃၀ ရက် နံနက်ပိုင်းက ဆိုသည်။

တာမွေမြို့မ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ''ကျူးလွန်သူကို ရှာဖွေနေပါတယ်။ ကျူးလွန်တဲ့သူ တစ်ဦးတည်း ဟုတ်မဟုတ်ကိုလည်း စစ်ဆေးနေတုန်းပါပဲ'' ဟု ပြောကြားသည်။

အလားတူ သြဂုတ် ၁၈ ရက် ညပိုင်းက မတ်တူးငွေမင်ရောင်ကားကို မောင်းနှင်သည့် အမျိုးသား တစ်ဦးက ညဘက် ယာဉ်စစ်ဆေးရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ခြေထာက်ဖြင့်ကန်၊ လက်သီးဖြင့်ထိုးကာ ဒုရဲအုပ် ရဲဝန်ထမ်း တစ်ဦးကို ဓားဖြင့်ထိုးခဲ့ရာ ရဲဝန်ထမ်း၏ ညာဘက်လက်တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ကျူးလွန်သူကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ထို့ပြင် သြဂုတ် ၂၃ ရက် ည ၈နာရီခွဲခန့်က မရမ်းကုန်းမြို့နယ်ရှိ အနှိပ်ခန်း တစ်ခုအား ဖွင့်/မဖွင့် သွားရောက် မေးမြန်းသည့် ရဲတပ်သား နှစ်ဦးကို အနှိပ်ခန်း အတွင်းရှိ လူငယ်တစ်စုက ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ တရားခံများကို ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ထိုသို့ ရဲဝန်ထမ်းများကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုများမှာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်၍ သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။
myawady