လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်ဟု သာကေတမှ မူးယစ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရသူများဘက်က ရှင်းလင်း

ပို့စ်တင်ချိန် - 8/16/2013 01:34:00 PM


မူးယစ်ဆေးမှုနှင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် သာကေတမြို့နယ်နေမိသားစုဝင်များဘက်က မြန်မာ့ဂျာနယ်လစ် ကွန်ရက်ရုံးခန်းမ၌ သြဂုတ်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းကသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၇ရက်နေ့ ညပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အနော်မရပ်ကွက် ၇လမ်းတွင် ဖြစ်ပွား ခဲ့သော မူးယစ်ဆေး ဖမ်းဆီးခံခဲ့ရမှု၌အဆိုပါ မိသားစုဝင်တစ်ဦးနှင့် လာရောက်လည်ပတ်သည့်ဧည်သည် တစ်ဦးအားသာကေတမြို့မ အမှတ်(၁)ရဲစခန်းမှ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍လုပ်ကြံဖမ်းဆီးမှုသာ ဖြစ်သည်ဟု  ဖမ်းဆီးခံ မိသားစုဝင်များက ယခုကဲ့သို့ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။



“ကျွန်မယောကျာ်းကိုမြ၀င်းဇော်နဲ့ကိုကျော်လင်းကိုလည်း ထိုင်ခိုင်းထားတယ်၊မင်းတို့လုံးဝမလှုပ်နဲ့ဆိုပြီး ကျွန်မ တို့အိမ်က ထပ်ခိုးပေါ်ကို ခုံခုပြီးတတ်ရှာတယ်၊ ကျွန်မကိုတော့ နောက်ဖေးအိမ်သာဘက်မှာ သွားရှာမယ်ဆိုပြီးလေးယောက်က ခေါ်သွားတယ်၊ ထပ်ခိုးပေါ်တတ်ရှာတဲ့လူကို ကျွန်မယောကျာ်းကသေချာကြည့်နေတယ်၊ အဲ့မှာရှာတဲ့လူက ဘယ်ဘက်ဘောင်းဘီ အိပ်ကပ်ထဲကနေအဲ့ဒီပစ္စည်းကို ထည့်လိုက်တာ ကျွန်မယောင်္ကျား မြင်လိုက်တယ်၊

ပြီးတော့ဘေးအိမ်က ကောင်မလေး မသန်းသန်းဝင်း ကလည်း လိုက်ကာ အနောက်ကနေမြင်လိုက်တယ်” ဟု ကိုမြ၀င်းဇော်၏ ဇနီးမစန္ဒာမိုးက ပြောသည်။ရှာဖွေသည့် အရပ်သားဝတ်စုံဖြင့်လာရောက်သူများမှ တစ်ဦးမှ ထပ်ခိုးပေါ်၌ရှာဖွေနေသူတစ်ဦးအား တွေ့ပြီလား ဟု မေးမြန်းရာ လေးကြိမ်မြောက်ရောက်မှထပ်ခိုးအပေါ်၌ ရှာနေတဲ့သူက တွေ့ပြီဆရာဟုပြော၍ ဖုန်းကင်မရာ နှင့်အ၀တ်စားထည့်ထားသည့် ကော်ပုံးအား ဓါတ်ပုံရိုက်ယူခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“ လက်ရှိ ရှိနေတဲ့အိမ်က အနောက်ကနေလည်း မြင်ရတယ်၊ ဘေးကနေလည်း မြင်ရတယ်၊ဘယ်ကကြည့် ကြည့် မြင်နေရပါတယ်၊ လာရှာတဲ့လူက ရဲမဟုတ်ဘူး၊ ရယကအဖွဲ့ဝင်မဟုတ်ဘူး၊ နယ်ခံရပ်ကွက်သားလည်း မဟုတ်ဘူး၊ သူက ခုံပေါ်ကနေတဆင့်ထပ်ခိုးပေါ်ကို တတ်ရှာတယ် ၊ အဲ့ဒီ ရှာတဲ့နေရာကို မိသားစုဝင်တွေကိုလိုက်ခွင့်မပေးဘူး၊ ကြည့်ခွင့်လည်း မပေးဘူး”ဟုဖမ်းဆီးခံရသူများအမှုမှန်ပေါ်ပေါက်စေရေး ကူညီဆောင်ရွက် ပေးနေသည့်ရန်ကုန်ပြည်သူအကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ကိုဝေဠု က ပြောသည်။

အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင် များ ရှေ့မှောက်၌ရှင်းလင်းပြောကြား ခဲ့သော်လည်း  ၄င်း၏ ပြောကြားမှုအပေါ် တာဝန်ရှိသူများမှထိထိရောက်ရောက်ဖြေရှင်းခဲ့ခြင်းမရှိဟု ဘေးအိမ်မှ မျက်မြင်သက်သေမသန်းသန်းဝင်းက ယခုကဲ့သို့ဆိုသည်။

 “ကျွန်မ အသုပ်သွားဝယ်ပြီးပြန်လာတော့  သူတို့အိမ်ရှေ့မှာကားတစ်စီးကိုတွေ့ပါတယ်၊ လူတစ်စုအိမ်ထဲကို ၀င်ရှာနေတာတွေ့ရပါတယ်၊ကျွန်မလည်းဘာဖြစ်တာလဲ သိချင်တော့၊ အဒေါ်အိမ်ပေါ်ထပ်က နေတတ် ကြည့်တယ်၊ကျွန်မစစချင်း အောက်ကိုကြည့်တယ်၊ နောက်တော့အပေါ်ကို ကြည့်တယ်၊ အဲ့ဒီမှာအပေါ်က လူက ပထမတော့ ရှာနေတယ်၊ ဘာရှာနေမှန်းတော့ ကျွန်မလည်း မသိဘူး၊နောက်တော့ ရှာနေတဲ့ ပစ္စည်း မတွေ့တာနဲ့ ဟိုကြည့်ဒီကြည့်လုပ်ပြီးမှဘောင်းဘီထဲက ပစ္စည်းကို ပုံးထဲ လှမ်းထည့်လိုက်တာ မြင်လိုက်တယ် “ ဟုမျက်မြင်သက်သေ မသန်းသန်းဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သာကေတမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။

 “ဖြစ်စဉ်အသေးစိတ်ကိုတော့ အဲ့ဒီညက ကျွန်တော်မပါလို့ အတိအကျမပြောနိုင်ဘူး၊ ဒါပေမယ့် စစ်ဆေး ပေါ်ပေါက်လို့ တရားရုံးမှာအမှုဖွင့်ဆောင်ရွက်နေပြီ၊ တရားရုံးကချတဲ့ အမိန့်အပေါ်မှာပဲ မူတည်ပါတယ်” ဟုသာကေတမြို့မ ရဲစခန်းမှတာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုမူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနှင့်ပတ်သက်၍ ကိုမြ၀င်းဇော်နှင့်ကိုကျော်လင်းအား မယ(ပ) ၁၀/၁၃၊ မူး/စိတ်၊ ၁၅/၁၉(က)၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟု သိရှိရသည်။

ကိုမြ၀င်းဇော်မှာ ယခင်က မူးယစ်မှုဖြင့်ထောင်ဒဏ်(၅)နှစ်ကျခံခဲ့ဘူးသူဖြစ်သည်ဟု သိရှိရသည်။
မြစ်မခ