တံတားကေဘယ်ဝါယာကြိုးများ ဖြတ်တောက်ခိုးယူသူများအား ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 8/31/2013 09:40:00 AM


၂၂-၈-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် နေပြည်တော်ပျဉ်းမနားမြို့၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ လက်ထောက်အင်ဂျင်နီယာ ဦးအောင်ထွန်းသည် အေးမြင့်သာယာတံတားအမှတ်(၁/၂)ရှိ မီးတိုင်များ မီးမလင်း၍ လိုက်လံစစ်ဆေးစဉ် ကော်ပိုက်များအတွင်းထည့်သွင်းသွယ်တန်းထားသည့် ကေဘယ်ဝါယာကြိုး(၅၉၄)ပေခန့်၊ တန်ဘိုးငွေကျပ်(၅၁၆၄၀၀၀ိ/-) ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန်တိုင်တန်းခဲ့ရာ ရေဆင်းနယ်မြေရဲစခန်းမှ (ပ)၈၉/၂၀၁၃၊ ပြည်သူပိုင်ပစ်္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထို့နောက် အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးရာ အေးမြင့်သာယာတံတားအမှတ်(၁)၏ တံတားအောက်ခြေ ခြုံနွယ်များကြားမှ ကေဘယ်ဝါယာကြိုးအရှည်(၃၄၀)ပေခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ကေဘယ်ကြိုး ဦးတည်ရာလမ်းကြောင်းမှာ အေးမြင့်သာယာကျေးရွာဘက်သို့ဦးတည်နေကြောင်းတွေ့ရှိရပြီး ဆက်လက် စုံစမ်းချက်အရ အေးမြင့်သာယာကျေးရွာ၊ အလုပ်သမားတန်းလျားနေ ခင်မောင်ညွန့်ထံ၌ ကြေးနီ နန်းကြိုးများရောင်းရန်ရှိကြောင်း သတင်းရရှိခဲ့သည်။
အဆိုပါသတင်းအရ ရေဆင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ခင်မောင်ညွန့်(၃၉)နှစ်၏နေအိမ်အားဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ ကြေးနီနန်းကြိုးအသစ် (၄)ပိဿာ(၅၀)ကျပ်သား၊ ကြေးနီနန်းကြိုးအဟောင်း(၂)ပိဿာခန့်နှင့် နေအိမ်နောက်ဘက် ခြံစပ်အတွင်းမှ ကေဘယ်၊ ၀ါယာကြိုး ကာဘာအခွံအပိုင်းအစများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခင်မောင်ညွန့်အား အမှုဖြင့်ဖမ်းဆီးခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သူများဖြစ်သည့် အေးမြင့်သာယာကျေးရွာ၊ အလုပ်သမားတန်းလျားနေ အောင်ဌေးလှိုင်(ခ)ဖိုးလုံး(၂၂)နှစ်နှင့် အောင်လှိုင်ဝင်း (ခ)ဖိုးပြား(၂၄)နှစ်တို့ ၂ ဦးအား ၂၅-၈-၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ ဆန်းဝင်းနိုင်(၂၈)နှစ်နှင့် သီဟ(ခ)တရုတ်ကြီး(၁၈)နှစ်တို့ ၂ ဦးအား ၂၇-၈-၂၀၁၃ ရက်နေ့တွင်လည်းကောင်း ထပ်မံဖမ်းဆီး အရေးယူခဲ့သည်။
စစ်ဆေးချက်အရ အေးမြင့်သာယာတံတားအမှတ်(၁/၂)မှ ကေဘယ်ဝါယာကြိုးများအား အောင်ဌေးလှိုင်(ခ)ဖိုးလုံးမှ သစ်သားတိုစခံကာ ဓါးမနှင့်ခုတ်ပိုင်းဖြတ်ခဲ့ကြောင်း၊ အောင်ဝင်းလှိုင်(ခ) ဖိုးပြားမှ လူသွားလူလာစောင့်ကြည့်ပေးခဲ့ကြောင်း၊ ခင်မောင်ညွန့်၊ ဆန်းဝင်းနိုင်နှင့် သီဟ(ခ)တရုတ်ကြီးတို့က ကေဘယ်ကြိုးများအား ခြုံထဲတွင်ဝှက်ထားပြီး (၃)ပေခန့်အတို ၂၈ ချောင်း ခုတ်ပိုင်းဖြတ်ယူကာ နေအိမ်တန်းလျား၌အခွံခွာပြီး ရေဆင်းရွာရှိ ““နေဇာ””အဟောင်းဆိုင်နှင့် အေးမြင့်သာယာကျေးရွာနေ ၀င်းလှိုင်တို့ထံသို့ရောင်းချထားကြောင်း သိရှိရသဖြင့် ငြိမ်းချမ်း(ခ)နေဇာ(၂၈)နှစ်နှင့် ၀င်းလှိုင်(၃၅)နှစ်တို့ ၂ ဦးအား အမှုဖြင့် ဆက်လက်ဖမ်းဆီးအရေးယူခဲ့ပြီး သက်သေခံပစ်္စည်း ကြေးနန်းကြိုး(၁၀)ပိဿာ (၅၀)ကျပ်သားခန့်ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။ ပြစ်မှုကျူးလွန်သူများအား ထိုက်သင့်သည့်ပြစ်ဒဏ်များ ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ