ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာဖြစ်သည့် ပြည်သူ့ရင်ပြင်အတွင်း ဆောက်ခွင့်မပြုသင့်သည့် သုံးထပ်အမြင့်ရှိ ရှော့ပင်းစင်တာ အထပ်မြင့်နေ၍ တစ်ထပ်ပြန်ဖျက်ရန် ညွှန်ကြား

ပို့စ်တင်ချိန် - 8/25/2013 10:46:00 AM



ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာထဲဖြစ်သည့် ရွှေတိဂုံစေတီတော်နှင့် နီးကပ်နေသော အများပြည်သူ အပန်းဖြေရာ ပြည်သူ့ရင်ပြင်အတွင်း ဆောက်လုပ်ခွင့် မပြုသင့်သည့် ရှော့ပင်းစင်တာ တစ်ခုကို ဆောက်လုပ်ခွင့် ပြုထားခဲ့ကြောင်း သိရသည်။ ယခုမှ အဆိုပါ ရှော့ပင်းစင်တာမှာ အထပ်မြင့်နေ၍ တစ်ထပ်ပြန်လည် ဖျက်ခဲ့ရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ ရှော့ပင်းစင်တာကို ပြည်သူ့ရင်ပြင်အတွင်း ကစားကွင်းများ အပန်းဖြေ နေရာများကို ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားသည့် သဘာဝဥယျာဉ် (Natural World) ကုမ္ပဏီမှ ဆောက်လုပ်နေခြင်းဖြစ်ပြီး စည်ပင်မှ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သုံးထပ်အဆောက်အအုံ အလျား ၁၈၆ မီတာ၊ အနံ ၄၂ မီတာ ကျယ်ဝန်းပြီး ရွှေတိဂုံ စေတီတော်၏ အနောက်ဘက်မုခ်မှဆင်းလျှင် မျက်နှာချင်းဆိုင် ဦးဝိစာရလမ်းရှိ ပြည်သူ့ရင်ပြင် အပေါက်ဝင်ဝင်ချင်း နေရာ၌ ဆောက်လုပ်နေခြင်းဖြစ်ကာ မြန်မာမှုလက်ရာများကို အဓိကထား ရောင်းချမည့် ရှော့ပင်းစင်တာ ဖြစ်သည်ဟု သိရပြီး ပြီးစီးမှု ၇၀ ရာခိုင်နှုန်းခန့် ရှိပြီးမှ တစ်ထပ်ကိုပြန်ဖျက်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

"အဲဒီရှော့ပင်းစင်တာက အထပ်မြင့်လို့ တစ်ထပ်ပြန်ဖျက်ဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနရဲ့ သတ်မှတ်ပုံစံနဲ့ ငြိနေတာလို့တော့ သိရတယ်။ အဲဒီအဆောက်အအုံရဲ့ ဒီဇိုင်းပုံစံတွေ ဘာတွေကတော့ အဆောက်အအုံဌာနနဲ့ပဲ ဆိုင်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၂၄ ရက်က ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပေ။

အဆိုပါ ရှော့ပင်းစင်တာကို ဆောက်လုပ်သည့် သဘာဝဥယျာဉ် (Natural World) ကုမ္ပဏီကိုလည်း ဆက်သွယ်မေးမြန်းရာ ယင်းရှော့ပင်းစင်တာ စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီလူကြီးများ မသိဘဲ ဖြေကြား၍ မရနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ရှော့ပင်းစင်တာ ဆောက်လုပ်နေသည့် နေရာမှာ အများပြည်သူပိုင် ပန်းခြံဖြစ်ပြီး ရန်ကုန်မြို့၏ စိမ်းလန်းမြေဧရိယာ (Green Area) အတွင်း ဖြစ်နေသည့်အပြင် ရွှေတိဂုံ စေတီတော်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာ ဖြစ်နေသောကြောင့် ဆောက်လုပ်ခွင့် မပြုသင့်ခဲ့ကြောင်းလည်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ယင်းနှင့်ပတ်သက်၍ "ပန်းခြံဆိုတာ အပန်းဖြေတဲ့ နေရာမျိုးဖြစ်တယ်။ ဒါကြောင့် အဲဒီမှာ စားသောက်ဆိုင်တော့ ဖွင့်လို့ရတယ်။ စားသောက်ဆိုင် ဆိုရာမှာလည်း သေးသေးမွှားမွှားလေးတွေ ပုံစံမျိုးကို ပြောတာပါ။ အခိုင်အခံ့ အကြီးကြီးဆိုရင်တော့ မဖြစ်သင့်ဘူး။ ပန်းခြံဆိုတာမျိုးက သဘာဝအတိုင်း ဖြစ်တာများရမယ်။ လူတွေလုပ်တဲ့ Structure နည်းရမယ်။ အခုလို ပြည်သူ့ရင်ပြင်ထဲမှာ ရှော့ပင်းစင်တာကြီး ဆောက်တာက မဆောက်သင့်ဘူး။ ဆောက်ချင်ရင် အများပိုင်ပန်းခြံမှာ မဟုတ်ဘဲ သူ့ဟာသူ ပုဂ္ဂလိကပိုင် မြေပေါ်မှာပဲ ဆောက်သင့်တယ်" ဟု ရန်ကုန်မြို့ပြ စီမံကိန်း ပညာရှင်တစ်ဦးက ထောက်ပြခဲ့သည်။

Eleven