အဂတိလိုက်စားမှုဖြင့် ဝန်ထမ်း ၄၅၀ ကို သမ္မတအရေးယူ

ပို့စ်တင်ချိန် - 8/11/2013 03:23:00 AM


ရန်ကုန်၊ သြဂုတ် ၉

ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရကို ဖော်ဆောင်မည် ဟု ပြောဆိုထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဂတိလိုက်စားမှုဖြင့် အစိုးရဝန်ထမ်း ၄၅၀ ကျော်ကို အရေးယူထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့သတင်းထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ တိုင်ကြားလာသည့် တိုင်ကြားစာ ၁၉၉ စောင်ကို စစ်ဆေးကာ ယင်းဝန်ထမ်း ၄၅၀ သည် အဂတိလိုက်စားကြောင်း တွေ့ရှိသဖြင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဝန်ထမ်း ၄၅၀ တွင် ၃၆၂ ဦးကို နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ဖြင့် အရေးယူခြင်း၊ ၆၉ ဦးကို ဌာနပြောင်းရွှေ့စေခြင်း၊ ဝန်ထမ်း ၁၈ ဦးကို အလုပ်ထုတ်ပယ်ခြင်း၊ တစ်ဦးကို ထောင်ဒဏ်ချမှတ်ခြင်းတို့ဖြင့် အရေးယူထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီနေ့သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင်တွေအားလုံး တွေ့ဆုံတဲ့အခါမှာလည်း အကျင့်ပျက် ခြစားမှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ညွှန်ကြားခဲ့ပါသေးတယ်” ဟု နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီလအတွင်းကလည်း သမ္မတရုံးသို့ ရောက်ရှိလာသော ပြည်သူ့တိုင်စာများအရ အဂတိလိုက်စားမှုကြောင့် နိုင်ငံ့ဝန်ထမ်း ၇၂ ဦးကို ရာထူးချခြင်း၊ ဌာနပြောင်းရွှေ့ခြင်း ပြုလုပ်ခဲ့ပြီး ငါးဦးကို တာဝန်မှ အနားယူစေခဲ့သည်။
The Voice Weekly