လက်ပံတောင်းတောင် ပြန်လည်အသက်ဝင်လာတော့မည်

ပို့စ်တင်ချိန် - 8/01/2013 06:23:00 PM


လက်ရှိ အစိုးရ၏ သက်တမ်းသုံး နှစ်အတွင်း မထင်မှတ်သော အချိုးအ ကွေ့နှင့် ပဋိပက္ခများစွာ ပေါ်ပေါက်လာ ခဲ့သည်။ ထိုအရာများက နေ့ချင်းညချင်း ဖြစ်လာသည့် အသစ်များတော့ မဟုတ်။ ယခင် တပ်မတော်အစိုးရလက် ထက်အတွင်း တံခါးပိတ်၍ တိတ်တ ဆိတ် သဘောတူခဲ့သော စီမံကိန်းများ၏အောက် ပျောက်ဆုံးနေသော အသံများ ထွက်လာခြင်းဖြစ်သည်။

ထိုပြဿနာနှင့် ပဋိပက္ခများအနက် လက်ပံတောင်းတောင် စီမံကိန်း ရပ် ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာ သပိတ် စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်နေသော သံဃာတော်များကို အရုဏ်တက်ချိန် အလစ်အငိုက်ဝင်၍ အကြမ်းဖက် နှိမ် နှင်းခဲ့ခြင်းက ဆိုးရွားသောအမည်းစက် ဖြစ်လာခဲ့သည်။ ထိုကာလများအတွင်း ယင်းဒေသ သို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်သည်လည်း ကန့်ကွက်ဝေဖန်မှု များစွာဖြင့် ကြုံခဲ့ရသော်လည်း လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်စုံစမ်းစစ်ဆေးရေးကော် မရှင်တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင် ရွက်ခဲ့သည်။

ပဋိပက္ခများ ဖြစ်ပေါ်နေသော လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သင့် မသင့်ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပုလဲမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က အရေးကြီး အဆိုဖြင့် တင်သွင်းခဲ့မှုကို ဒေါ်အောင် ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်း ထားသော လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ် ဆေးရေးကော်မရှင်ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး နောက် ကော်မရှင် အစီရင်ခံစာအရ စီမံကိန်း၏ အားနည်းချက်များကို ပြင် ဆင်၍ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သင့်သည်ဟု ဆိုသော ကြောင့် ကန့်ကွက်မှု များမည်မျှရှိနေပါ စေ စီမံကိန်းကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

လက်ပံတောင်းတောင် အစီရင်ခံစာ အပေါ်မကျေနပ်ချက်များ များစွာရှိခဲ့ပြီး အစီရင်ခံစာထွက်ပေါ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စီမံကိန်းဒေသများမှ ဆန္ဒပြခဲ့ကြပြီး ရန်ကုန်မြို့ ရှိ မကျေနပ်ကြသူများမှာလည်း အစီရင် ခံစာအပေါ်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

၂ဝ၁၂ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းလိုက်သော လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီအနေ ဖြင့် လက်ပံတောင်းတွင် လက်ရှိလုပ်ကိုင်နေသော စီမံကိန်း ဖျက်သိမ်းရေးကိုသာဦးတည် ကန့်ကွက်နေခြင်း ဖြစ် ကြောင်း နာယက ဦးအံ့မောင်က ပြော သည်။

''စတုန်းကတည်းက ဖျက်သိမ်းရေးပဲ ပြောခဲ့တာ။ အခုလည်း ဖျက်သိမ်းပေးဖို့ပဲ တောင်းဆိုသွားမယ်'' ဟု ပြော သည်။ ထုတ်ပြန်ကြေညာသည့် အစီရင် ခံစာအပေါ်တွင် ဒေါ်အောင်ဆန်းစု ကြည်က ''လက်ပံတောင်းတောင် စီမံ ကိန်းနဲ့ ပတ်သက်ပြီးတော့ ဝင်လုပ်တာဟာ ဒီဒေသလေးအတွက်ပဲ လုပ်တာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက် နိုင်ငံ ရဲ့ အနာဂတ်ကို ကြည့်ပြီးတော့ ဘယ်လို ဖြစ်သင့်သလဲဆိုတာ ဖြစ်ထိုက်သလဲ ဆို တာ လေ့လာစုံစမ်းပြီးတော့ လုပ်ဖို့ လုပ်သွားတာပဲ'' ဟု အစီရင်ခံစာ ထုတ် ပြန်ခဲ့သည့် မတ် ၁၂ ရက်နေ့တွင် လွှတ် တော်၌မီဒီယာများ မေးမြန်းချက်ကို ပြောကြားခဲ့သည်။

အဆိုပါအစီရင်ခံစာအရ အ ကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီမှ ၄ လတာ ဆောင်ရွက်ခဲ့မှုများကို မီဒီယာများအား သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။

ထိုကာလများမှ အလွန်

၈ လ အကြာတွင် အမှတ် (၁) သတ္တုတွင်း လုပ်ငန်း မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့သုံးဦး ပါဝင်သော စာချုပ်သစ်ကို ထပ်မံချုပ် ဆိုခဲ့သည်။ယင်းစာချုပ်အသစ်ကို ယခုလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ကြခြင်းဖြစ်ပြီး စာချုပ်အသစ်တွင် အ ကျိုးအမြတ် ခွဲဝေမှုများ၊ မူလ စာချုပ် တွင် တိတိကျကျ ထည့်သွင်းချုပ်ဆို ထားခြင်း မရှိခဲ့သော သတ္တုတွင်း ပြန် လည်အပ်နှံရေးနှင့်သတ္တုတွင်း ပိတ် သိမ်းရေး၊ လူမှုရေးတာဝန်ယူမှု CSR လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးကိစ္စရပ်များကို ထပ်မံဖြည့်စွက် ချုပ်ဆိုခဲ့ကြသည်။

စာချုပ်ချုပ်ဆိုပြီး ဖြစ်သော ကြောင့် မကြာမီကာလတွင် လုပ်ငန်းစတင်လည်ပတ်တော့မည်ဟု ပြည်ထောင် စုဝန်ကြီး ဦးလှထွန်းက ဆိုသည်။ ဇူလိုင် ၂၅ ရက်နေ့တွင် နေပြည် တော်သတ္တုတွင်းဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံ စမ်းစစ်ဆေးရေးအစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြော ကြားခြင်းဖြစ်သည်။

စာချုပ် ပြန်လည်ချုပ်ဆိုရာတွင် အကျိုးအမြတ် ခွဲဝေရာ၌ နိုင်ငံတော် အနေဖြင့် အခွန်အခနှင့် ခွဲဝေမှု အချိုး အပါအဝင်အကျိုးအမြတ်၏ ၅၁ ရာခိုင် နှုန်း ရရှိမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦး ပိုင်မှ ၁၉ ရာခိုင်နှုန်း၊ ဝမ်ပေါင် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း ရရှိကြမည်ဟု ဖော်ပြထားသည်။ အဆိုပါစီမံကိန်းကို ဝမ်ပေါင်ကုမ္ပဏီမှ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံ ထားခြင်း ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်သည် မိုင်းပါမစ် သတ္တုတွင်းရရှိထားပြီး ကြီးကြပ်ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အကျိုးအမြတ် ခွဲဝေမှုတွင် ၁၉ ရာခိုင် နှုန်းပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

အကျိုးအမြတ်ခွဲဝေမှုတွင် ရာခိုင် နှုန်းများသတ်မှတ်ထားပြီး ဖြစ်သော်လည်း အကျိုးအမြတ် ရရှိမှုအပေါ် မည်သည့်အဖွဲ့အစည်းနှင့်မျှ စိစစ်ကြပ်မတ်မှု မရှိပါက မည်မျှအကျိုးအမြတ် ရရှိ သည်ကို ပွင့်လင်းမြင်သာစွာ သိရှိနိုင် ခြင်း မရှိနိုင်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ထောက်ပြပြောဆိုသည်။

လုပ်ငန်းစတင်ဆောင်ရွက်ပါက ကနဦးနှစ်တွင် ကြေးနီတန်ချိန် ၄ သောင်း ထုတ်မည်ဖြစ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ပါက တစ်နှစ်လျှင် တန် ချိန် ၁ သိန်း ထုတ်လုပ်သွားမည် ဖြစ် ကြောင်း သိရသည်။

ကန့်ကွက်နေမှုများကြား လုပ်ငန်းများ အကောင်အထည်ပေါ်လာရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ''မကြာခင် မိုင်းလုပ်ငန်းစတင်တော့မှာပါ။ ဒေသခံတွေ နားလည်သဘောပေါက်လာရေးကို ဝိုင်းဝန်း ဆောင်ရွက်နေပါတယ်'' ဟု ပြောသည်။

မိုင်းလုပ်ငန်းကြောင့် သဘာဝပတ် ဝန်းကျင် ထိခိုက်ပျက်စီးမှုများ အတွက် ဝမ်ပေါင်ကုမ္ပဏီမှ တစ်နှစ်လျှင် ကန် ဒေါ်လာ ၂ သန်း ထောက်ပံ့ ပေးမည် ဖြစ်ပြီး ယခုနှစ်အတွက် လူမှုရေးတာဝန် ယူမှုလုပ်ငန်း (CSR ) အတွက် ကန်ဒေါ် လာ ၁ သန်းကို ထောက်ပံ့ပေးထားပြီး စီမံကိန်းလုပ်ငန်း အကောင်အထည် ပေါ်လာပါကလုပ်ငန်းမှ ရရှိသော အ ကျိုးအမြတ်၏ ၂ ရာခိုင်နှုန်းကို CSR လုပ်ငန်းများတွင် သုံးစွဲသွားမည်ဟု အတည်ပြုထားကြောင်း သိရသည်။

စီမံကိန်းနယ်မြေတွင် ပါဝင်ပြီး ဖယ်ရှားရမည့် ရွာ ၄ ရွာနှင့်သာသနိ ကအဆောက်အအုံ ၃ ခုကို နေရာသစ် သတ်မှတ်ပြီးဖြစ်သောကြောင့် ဖယ်ရှား နိုင်ရေးများကိုလည်း ဆောင်ရွက်နေကြ သည်။ ဖယ်ရှားရမည့်ရွာတွင် ပါဝင်ပြီး ဖယ်ရှားခြင်းမရှိသေးသည့် ဆင်တဲရွာ နှင့် ဇီးတောရွာမှ အိမ်ထောင်စု ၁၈၂ စုကို အကြမ်းဖက် ဖယ်ရှားခြင်း မပြု ဟု ဆိုသော်လည်း ဖယ်ရှားပေးရေးအတွက် ကိုမူ ဆက်လက်ဆောင်ရွက်သွားမည် ဟု ဦးလှထွန်းက ပြောသည်။

''စီမံကိန်းနယ်မြေအတွင်းက ရွာ ၄ ရွာက မိုင်းလုပ်ငန်းလုပ်ရင် ထိခိုက်မှု ရှိနိုင်လို့ ရွှေ့ပြီး ရွာသစ်တည်ပေးထား ပါတယ်။ ရွာဟောင်းကို ပယ်ဖျက်လိုက် ပြီဖြစ်လို့ ရွာလို့ သတ်မှတ်လို့ မရတော့ ပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန် ကြားချက်အရ ရွာမရှိတော့ပါဘူး'' ဟု ၎င်းကဆိုသည်။မပြောင်းရွှေ့ရသေးသော ဆည်တဲ ရွာတွင် အိမ်ထောင်စု ၁၆ဝ စုကျန်ရှိပြီး ဇီးတောရွာတွင် အိမ်ထောင် စု ၂၂ စု ကျန်ရှိနေသေးကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် သိမ်းဆည်းခံ လယ် မြေများအတွက် မြေယာလျော်ကြေး အဖြစ် ၂၈၂၇ ဒသမ ဝ၁ ဧကအတွက် ကျပ်သိန်းပေါင်း ၂၉၁၆၆ ဒသမ ၇၄ သိန်းပေးအပ်ပြီး ကျန်ရှိနေသော လျော် ကြေးများကိုလည်း ဆက်လက်ပေးအပ် နေကြောင်း၊ သိမ်းဆည်းထားသော မြေ များမှ ၂၈၃ ဒသမ ၆၉ ဧကကို တောင် သူများထံ ပြန်လည်ပေးအပ်နေပြီး ၂၂၃ ဒသမ ၂၃ ဧက ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။ မြေယာလျော်ကြေးများ ပြန်လည် ပေးအပ်ရာတွင် လာရောက်ထုတ်ယူ ခြင်း မရှိသေးသည့် တချို့မြေပိုင်ရှင်များ မှာပိုင်ဆိုင်မှုအငြင်းပွားနေခြင်း၊ မြေဈေး ယခုထက်ပိုကောင်းမွန်လာမည် ဆိုပါက လျော်ကြေးပိုမို ရရှိစေရန် စောင့်ကြည့် နေခြင်းများ ရှိနေကြောင်း ဦးလှထွန်း က အခြေအနေကို သုံးသပ်ပြောသည်။

မည်သို့ပင်ဖြစ်စေ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းသည် ကန့်ကွက် မှုများရှိနေသည့်ကြားမှ အကောင်ထည် ပေါ်ပေါက်လာစေရန်အတွက် တွန်း အားပေး ဆောင်ရွက်နေကြပြီး ဝမ်ပေါင် ကုမ္ပဏီ အနေဖြင့်လည်း စီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း ဝန်းကျင်ရှိ ဒေသခံများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လူမှုရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုထားရှိထားသည်။

မြန်မာနိုင်ငံသို့ ထပ်မံဝင်ရောက် လာမည့် စီမံကိန်းများ အတွက် ယခု လက်ပံတောင်းတောင် စီမံကိန်းသည် စံ ပြ စီမံကိန်းတစ်ခုဖြစ်စေပြီး လာမည့် ရင်းနှီးမြှုပ်နှံမှုများတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လူ မှုတာဝန်ယူမှု (CSR ) အတွက် မည်မျှ ရင်းနှီးမြှုပ်နှံမည်ဆိုသော အချက်ကိုပါ ထည့်သွင်းစိစစ်မှုရှိလာကြောင်း သိရ သည်။''ဒီလိုမျိုး စီမံကိန်းတွေ နောက် ထပ် ထပ်လုပ်ကြဦးမယ်။ ဒီစီမံကိန်းက စံပြသဘောမျိုး သက်ရောက်ပြီး နောက် ထပ်စီမံကိန်းတွေကို တိုးတက်ကောင်း မွန်စေမှာပါ'' ဟု ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သော ပြည်ပရင်းနှီးမြှုပ်နှံမှုတွင် သဘာဝ အ ရင်းအမြစ် ထုတ်ယူရေး စီမံကိန်းများ သာ များပြားပြီး ကဏ္ဍကြီး ၃ ခုအနေ ဖြင့် ရှေ့ဆုံးမှ ရပ်တည်နေကြောင်း၊ ယင်းတို့မှာ ရေအားလျှပ်စစ် ထုတ်ယူ ရေးလုပ်ငန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့်သတ္တုတွင်းတူး ဖော်ရေး လုပ်ငန်းများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ ယခုနှစ် မြန်မာနိုင်ငံသို့ဝင်ရောက် သော ရင်းနှီးမြှုပ်နှံမှု ပမာဏတွင် ရေ အားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းမှ ၄ဝ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝ ဓာတ် ငွေ့လုပ်ငန်းမှ ၃ဝ ရာခိုင်နှုန်း၊ သတ္တု တွင်း တူးဖော်ရေးလုပ်ငန်းမှ ၇ ရာခိုင် နှုန်းရှိကြောင်း သိရသည်။ မည်သို့ပင်ဆိုစေ ကန့်ကွက်မှုများ၊ ဝေဖန်မှုများနှင့် အတားအဆီးများကြား မှပင် လက်ပံတောင်းတောင်စီမံကိန်းက မကြာမီသက်ဝင်လာတော့မည် ဖြစ် သည်။

ဝေယံမိုးမြင့်
Popular Myanmar News Journal