ဗိုလ်ချုပ်၏ လက်ရေးမူကို မြတ်နိုးသကဲ့သို့ စိတ်ရင်းမူကိုလည်း တန်ဖိုးထားသင့်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြား

ပို့စ်တင်ချိန် - 8/22/2013 05:36:00 PM


ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေး မူကို မြတ်နိုးသကဲ့သို့ စိတ်ရင်းမူကိုလည်း တန်ဖိုးထားသင့်ကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားလိုက်သည်။

သြဂုတ်လ ၁၆ ရက်နေ့က နေပြည် တော်အမျိုးသားလွှတ်တော် ခန်းမ ဆောင်၌ ရေနံချောင်းမြို့မိမြို့ဖများ လက်သို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ပြန်လည်ပေးအပ် သော ဗိုလ်ချုပ်လက်ရေးမူ စာအုပ်ကို ရေနံချောင်းမြို့မှသွားရောက်စောင့်ဆိုင်း ကြိုဆိုသော ဆရာတော်က အထက်ပါ အတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

''ရပ်ဝေးကို အပြီးလိုလို ထွက်ခွာ သွားတဲ့ ကိုယ့်အဘိုး မမျှော်လင့်ဘဲ အိမ် ပြန်ရောက်လာတာကို မြေးတစ်ယောက် အနေနဲ့ ဝမ်းမြောက်စွာ သွားကြိုတာပါ။ ဒီစာအုပ်လေး ပြန်ပေးတဲ့အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဒကာကြီး ဦးခင်အောင်မြင့်ကို လှိုက်လှဲစွာကျေးဇူး အထူးတင်ရှိသလို မြို့သူမြို့သားတွေရဲ့ ဆန္ဒကို အလေးအနက်ထားတဲ့ စိတ် ဓာတ်ကို လည်း လေးစားစွာ ချီးကျူးဂုဏ် ပြုပါတယ်'' ဟု ဆရာတော် အရှင်ဆန္ဒာ ဓိက က မိန့်ကြားသည်။

လက်ရေးမူစာအုပ်၏ သမိုင်း ကြောင်းအမှန်နှင့် ပတ်သက်၍ လက် တွေ့ သိမီလိုက်သူများကို စုံစမ်းမေး မြန်းထားသော ဆရာတော်က ''ဒီစာ အုပ်ကို ဦးဖိုးခက်တို့၊ ဦးဘဖေတို့က လှူ ထားတာ မဟုတ်ပါ ဘူး။ ရေနံချောင်း အထက (၁) ရဲ့ ကျောင်းအုပ်ဆရာကြီး ဦးကြည်စိန်က လှူထားတာပါ။ ဦးကြည် စိန်ရဲ့ လက်ထဲကို ဗိုလ်ချုပ်အောင်ဆန်း ဆီကပဲ တိုက်ရိုက်ရောက်ရှိခဲ့ပါတယ်။ ဦးကြည်စိန်နဲ့ ဗိုလ်ချုပ်အောင်ဆန်းက ငယ်သူငယ်ချင်း အရင်းခေါက်ခေါက် တွေပါ။ သူတို့ယူတဲ့ မေဂျာ ဘာသာရပ်မှာ ဗိုလ်ချုပ်နဲ့ ဦးကြည်စိန် နှစ်ယောက် တည်းပဲရှိတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် မှတ်စုစာအုပ် အပြန် အလှန် ငှားဖြစ်ခဲ့ကြပါ တယ်။ ဒီစာအုပ် က ဗိုလ်ချုပ်အောင်ဆန်းဆီက ဦးကြည် စိန် ငှားထားပြီး ပြန်မပေးဖြစ်တော့တဲ့ စာအုပ်ပါ။နောက်ပိုင်း ခဏခဏပြန်တွေ့ ကြပေမယ့် ဗိုလ်ချုပ်က ပြန်မတောင်း ဘူး ဆိုတော့ ဦးကြည်စိန်ကို အပိုင်ပေး လိုက်တဲ့သဘောပဲပေါ့။ ၁၉၆၂ ရေနံ ချောင်း အထက(၁)မှာပညာရေးပွဲတော် ကျင်းပတော့ ဘာသာရပ်အလိုက် ပြ ခန်းတွေ ပြသကြတဲ့အခါ သမိုင်းပြခန်း မှာ ဒီစာအုပ်လေးကို သမိုင်းဝင်စာအုပ် အဖြစ် ကျောင်းသူကျောင်းသားတွေနဲ့ မြို့သူမြို့သားတွေကို တရားဝင် စတင် ပြသခဲ့ပါတယ်။ ပြပွဲပြီးတော့ အိမ်ပြန် မယူတော့ဖို့ ဆရာ၊ ဆရာမတွေက မေ တ္တာရပ်ခံတဲ့အတွက် ကျောင်း စာကြည့် တိုက်မှာပဲ ဆရာကြီး ဦးကြည်စိန်က အပြီးအပိုင် လှူဒါန်းထား လိုက်တာပါ။ နဂိုက ဘီရိုထဲမှာပဲ တခြားစာအုပ်တွေနဲ့ ရောထားပေမယ့် ၁၉၆၇-၁၉၆၈ မှာ ဆရာမကြီး ဒေါ်ခင်မြင့်က ရေရှည်တည် တံ့ဖို့အတွက် အခုမြင်တွေ့နေရတဲ့ မှန် သေတ္တာပုံးလေး လုပ်ပြီး သီးသန့် ထိန်း သိမ်းထားခဲ့ပါတယ်။ ဆရာကြီး ဦးကြည် စိန်အိမ်မှာနှစ်ပေါင်း ၃ဝ၊ အထက (၁) မှာနှစ်ပေါင်း ၅ဝဆိုတော့ဒီစာအုပ် လေး ကို ရေနံချောင်းမြို့ကနှစ်ပေါင်း ၈ဝကျော် အမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက် လာခဲ့ရတာပါ'' ဟု ရှင်းလင်းမိန့်ကြား သည်။

နိုင်ငံတော်၏ ကူညီမှုဖြင့် ရေနံ ချောင်းမြို့တွင်သာ ဤစာအုပ်ကို စနစ် တကျ ဆက်လက်ထိန်းသိမ်းခွင့်ရပါက ရေနံချောင်းမြို့ရှိ ဗိုလ်ချုပ်နှင့် ရင်းနှီးခဲ့ သော မိသားစုအသီးသီး၌ ထိန်းသိမ်း ထားသော ဗိုလ်ချုပ်၏ အခြားလက်ရေး မူများ၊ ဗိုလ်ချုပ်ဇနီး ဒေါ်ခင်ကြည်၏ လက်ရေးမူများကို ပိုင်ရှင်အသီးသီးက ဆရာတော်၏ လက်သို့ လွှဲပြောင်းလှူ ဒါန်းသွားကြရန် ဆန္ဒရှိနေကြကြောင်း ကြားသိရသည်။

စာအုပ်ပြန်ရ၍ ဝမ်းသာနေကြ သော မြို့သူမြို့သားများကို ဆရာတော် က ''ဗိုလ်ချုပ်ရဲ့ လက်ရေးမူကို မြတ်နိုး ထိန်းသိမ်းနေရုံနဲ့ ကျေနပ်မနေဘဲ ဗိုလ် ချုပ်ရဲ့ စိတ်ရင်းမူကိုလည်း တန်ဖိုးထား ကျင့်သုံးသင့်ပါတယ်။ ရိုးသားဖြောင့် မတ်ခြင်း၊ သနားကြင်နာခြင်း၊ ရဲစွမ်း သတ္တိရှိခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ မလိမ်မညာခြင်း၊ အခွင့်အရေးမယူခြင်း၊ ဥာဏ်ပညာထက်မြက်ခြင်း၊ လုံ့လဝီရိယ ကြီးမားခြင်းစတဲ့ စိတ်ကောင်း စိတ်မြတ်၊ ဓာတ်ကောင်းဓာတ်မြတ်တွေဟာ ဗိုလ် ချုပ်ရဲ့ စိတ်ရင်းမူပါပဲ'' ဟု ရှင်းပြခဲ့သည်။

ဗိုလ်ချုပ်၏ စိတ်ဓာတ်နှင့် လုပ်ရပ် များကို အတုယူကျင့်သုံးနိုင်ရေး အတွက် ဗိုလ်ချုပ်အကြောင်း များများသိအောင် လေ့လာ ဖတ်ရှုကြ ရန် ရေနံချောင်းမြို့၊ အလင်းစေတမန်စာကြည့်တိုက်နှင့် အထက (၁) စာကြည့်တိုက်တို့သို့ ဆရာ တော်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ် သက်သော စာအုပ်အမျိုးအစား ၇ဝ ကျော်စီ နှစ်စုံလှူဒါန်းခဲ့သည်။ ဆရာ တော်သည် ဗိုလ်ချုပ်အောင်ဆန်း ပညာ သင်ကြားခဲ့ရာ အမျိုးသား အထက် တန်းကျောင်း 'ယခု အမက (၈)' သို့ လည်း သွားရောက်လေ့ လာခဲ့ပြီး ယင်း ကျောင်းကို မူလတန်းအဆင့်မှ အထက် တန်းအဆင့် သို့မဟုတ် အလယ်တန်း အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ရန် နိုင်ငံ တော် သို့မေတ္တာရပ်ခံ အကူအညီတောင်း သွားမည်ဖြစ်ကြောင်း သိရသည်။
Popular Myanmar News Journal