အောင်မင်္ဂလာအဝေးပြေး ဆိုက်ရောက်စခန်းသစ် စက်တင်ဘာ ၁ ရက်နေ့ဖွင့်မည်

ပို့စ်တင်ချိန် - 8/22/2013 08:53:00 AM


ရန်ကုန်၊ သြဂုတ်၂၀

ငွေကျပ်သိန်း ငါးထောင်ကျော် ရင်းနှီး မြှုပ်နှံထားသည်ဆိုသော အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားဝင်းရှိ ဆိုက်ရောက် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်၍ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအခွန်ဌာနမှ ဒုတိယဌာနမှူး ဦးဉာဏ်ထွန်းအောင်က ပြောကြားသည်။

ဆိုက်ရောက်စခန်းတွင် အဝေးပြေး ခရီးသည်တင်ယာဉ် အစီး ၃၀ တစ်ပြိုင်နက် ဝင်ရောက်ရပ်နားနိုင်သည့် အဆောင် ကိုးဆောင်ရှိပြီး CCTV ကင်မရာများ၊ LED ဆိုင်းဘုတ်များ၊ ပြည်တွင်းပြည်ပငွေလဲ ကောင်တာများ၊ ဆိုင်ခန်းများထားရှိကြောင်း အဆိုပါဝင်းအတွင်းမှ စုံစမ်းသိရသည်။

မထသ (အဝေးပြေး) ကလည်း အဆိုပါစခန်းတွင် အခန်းငှား၍ ယာဉ်အဝင် အထွက်များကို ကြပ်မတ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းရှိ မထသ (အဝေးပြေး) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းစခန်းကို သြဂုတ်လ ၁၉ ရက်မှ ၃၁ ရက်နေ့အထိ စတင်စမ်းသပ်ဖွင့်လှစ် လိုက်ပြီဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှ စ၍ အဝေးပြေးယာဉ်တစ်စီးကို ငါးရာကျပ် နှုန်းဖြင့်လည်းကောင်း၊ တက္ကစီတစ်စီးကို နှစ်ရာကျပ်နှုန်းဖြင့် လည်းကောင်း ကောက်ခံ သွားမည်ဟု သြဂုတ်လ ၂၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်အခြေပြု ယာဉ်လိုင်း ၁၀၈ လိုင်း၊ တိုင်းနှင့် ပြည်နယ် အခြေပြု ယာဉ်လိုင်း ၁၀၃ လိုင်းနှင့် စုစုပေါင်း ယာဉ် စီးရေ ၁၁၈၈ စီး ဝင်ထွက်သွားလာလျက် ရှိကြောင်း မထသ(အဝေးပြေး) ထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly