ကရင်ပြည်နယ်တွင် နွားနောက်ဝှေ့၍ နွားကျောင်းသား သေဆုံး

ပို့စ်တင်ချိန် - 8/29/2013 09:07:00 AM

မြန်မာနိုင်ငံ အနောက်မြောက်ဘက် တောင်တန်းဒေသတွင်သာ ကျက်စား မွေးမြူလေ့ရှိသည့် နွားနောက် ဝှေ့၍ (နွားနောက် ကျောင်းသည့်) အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးမှု ကရင်ပြည်နယ် ဘားအံမြို့ ကော့ထော် ကျေးရွာအုပ်စု တောင်ကလေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

သြဂုတ်လ ၂၃ ရက်တွင် တောင်ကလေး ဆရာတော် မွေးမြူထား သည့် နွားနောက်များကို ထိန်းကျောင်းရသူ ဦးသာနိုင် ၄၃ နှစ် သည် နွားကျောင်းသွားရာမှ အိမ်ကို ပြန်မရောက်လာသဖြင့် မိသားစုဝင်များ က လိုက်လံ ရှာဖွေရာ တောင်ကလေးရွာနှင့် စံပန်နုံရွာကြားတွင် နွားဝှေ့သည် ဟု ယူဆရသည့် ဒဏ်ရာများနှင့် သေဆုံးနေကြောင်း ကော့ထော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်သက်မာဝင်းက ပြောကြားသည်။

“နွားဝှေ့တယ်လို့ ပြောတာက လေး ငါးကိုက်အတွင်း မြက်ပင်တွေ၊ အပင်တွေ လဲနေတာရယ်၊ နွားခြေရာတွေရယ် တွေ့လို့ ပြောတာ။ ရဲကတော့ ပိုသိတာပေါ့၊ ပိုပြောနိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။

နွားနောက်များကို ကချင်ပြည်နယ်ဘက်က လှူဒါန်းထားခြင်း ဖြစ်၍ ဆရာတော် မွေးမြူ စောင့်ရှောက်ထားခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ် ကလည်း သံဃာတော်တစ်ပါး နွားနောက်ဝှေ့ခံရ ကြောင်း ၎င်းက ဆိုသည်။

တောင်ကလေးရွာမှ နွားဝှေ့ခံရပြီး နံရိုးများ ကျိုးသည့် အလောင်း တစ်လောင်း ရောက်ရှိလာကြောင်း ဘားအံ ဆေးရုံကြီးထံမှ စုံစမ်း သိရှိရသည်။

ဆေးစာအရ ရင်ဘတ်တွင် နွားခွာရာများ တွေ့ရှိကြောင်း ဖော်ပြထားပြီး ယင်း အမှုကို သေမှုသေခင်း အမှတ် ၃၇/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ဘားအံမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

နွားနောက်ကို ချင်းပြည်နယ် အနှံ့တွင် မင်္ဂလာ အကောင်အဖြစ် မွေးမြူကြပြီး အထူးသဖြင့် ရိဒ်ရေကန် ဝန်းကျင် လူရှေ တောင်တန်း၊ ဖလမ်းနယ် တို့တွင် မွေးမြူကြပြီး နွားနောက် တစ်ကောင်ကို အနိမ့်ဆုံး ကျပ် ခြောက်သိန်းမှ ရှစ်သိန်းအထိ ရှိကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

The Voice