မစ္စတာ ကင်တားနား အင်းစိန်ထောင်အခြေအနေ သွားရောက်လေ့လာ

ပို့စ်တင်ချိန် - 8/16/2013 09:53:00 AM


မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကင်တားနားဟာ အင်းစိန်အကျဉ်းထောင်ကို ဒီကနေ့မနက်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။

သူဟာ မနေ့က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့သလို ကချင်ပြည်နယ် အစိုးရအဖွဲ့အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကေအိုင်အိုနည်းပညာ အကြံပေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ကို သွားရောက်လေ့လာဖို့ စီစဉ်ခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့ဘူးလို့ သိရပါတယ်။

မစ္စတာ ကန်တားနား လိုင်ဇာကို သွားရောက်ခွင့်မရတာနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက RFA ကို ခုလို ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လိုင်ဇာတဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို လူကိုယ်တိုင် သွားရောက်တွေ့ဆုံချင်တဲ့ဆန္ဒ သူ့မှာရှိတာပေါ့လေ၊ သွားခွင့်တောင်းကြည့်တဲ့အခါမှာ ပြည်နယ်အစိုးရကနေပြီးတော့မှ ပြည်ထောင်စုအစိုးရက ခွင့်ပြုမိန့်မရှိဘူး၊ ဒါနယ်မြေလုံခြုံရေးအရ သွားခွင့်မပြုနိုင်ဘူး ဆိုတဲ့အတွက်ကြောင့်မို့ သူ့အနေနဲ့ မနေ့ကမသွားခဲ့ရဘူး”

မစ္စတာကင်တားနားဟာ ပြီးခဲ့တဲ့နှစ်ရက်က ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့သလို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ရခိုင်နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာကင်တားနားဟာ ရှမ်းပြည်နယ်ကို သွားရောက်ပြီး အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
RFA Burmese