ဆီးဂိမ်း ကျင်းပရန် လေးလကျော်သာ လိုတော့သော်လည်း မြန်မာ ကစားသမား အပြီးသတ် မရွေးရသေး

ပို့စ်တင်ချိန် - 8/02/2013 07:10:00 PM


ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာ ကစားသမား ကိုးရာနီးပါး ဝင်ရောက် ယှဉ်ပြိုင်ရန် သတ်မှတ် ထားသော်လည်း ယခုအချိန် အထိ အပြီးသတ် မရွေးချယ် ရသေးကြောင်း အားကစား ဝန်ကြီးဌာန မှ သိရသည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို လာ မည့် ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့ အထိ ကျင်းပမည် ဖြစ်သဖြင့် လက်ရှိတွင် ပြိုင်ပွဲကျင်းပရန် လေးလကျော် သာ ကျန်တော့ သည်။

ယင်းသို့ ဆီးဂိမ်း ပြိုင်ပွဲ ကျင်းပရန် နီးကပ်မှု များရှိနေသော်လည်း မြန်မာ့ အားကစားအဖွဲ့ အနေဖြင့် ပြိုင်ပွဲဝင် ကစားသမားဦးရေကို သတ် မှတ်နိုင်ခြင်း မရှိသေးဘဲ ပြိုင်ပွဲ အမျိုးအစား ရွေး ချယ်သည့် အနေ အထားတွင်သာ ရှိနေသေး ကြောင်း သိရသည်။

”စာရင်း အတိအကျတော့ သက်ဆိုင်ရာ အဖွဲ့ချုပ်တွေ တွက်ချက်နေတုန်းပဲ။ ဘယ်ကစား နည်းကို ဘယ်နှယောက် ဝင်ပြိုင်မယ်၊ ဘယ်ကစား နည်းကို ဝင်မပြိုင်ဘူး စတဲ့ အချက်တွေကို လုပ်နေတဲ့ အတွက် ကစားနည်း တစ်ခု ချင်းစီရဲ့ လူဦး ရေ မသိနိုင်သေးတာပါ။ ယာယီ အနေ နဲ့ကတော့ ရှစ်ရာနဲ့ ကိုးရာကြား မှာ ရှိပါတယ်” ဟု အား ကစား ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အားကစား ဝန်ကြီး ဌာန၌ ဆီးဂိမ်းပြိုင်ပွဲ အတွက် ပဏာမ လက်ရွေးစင်အဖြစ် လေ့ကျင့်မှုများ ပြုလုပ်နေသည့် ကစားသမား များမှာ တစ်ထောင့်နှစ်ရာကျော် ရှိကြောင်း၊ ယင်း တို့ကို နေပြည်တော်နှင့် ရန်ကုန်တွင် နေရာများ ခွဲ၍ လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

”ပြိုင်ပွဲနီးမှပဲ ရန်ကုန် ကစားသမား တွေ နေပြည်တော် ရွှေကမ့်ကို လာပြီး ပေါင်းကြမှာပါ။ ရန်ကုန်မှာ ကျင်းပမယ့် ပြိုင်ပွဲတွေ ကိုတော့ ရန်ကုန် ကမ့်မှာ ရှိတဲ့ ကစား သမားတွေ ပြိုင်ကြမှာ ပါ။ သူတို့ကိုတော့ နေပြည်တော် မခေါ်တော့ပါ ဘူး” ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိ၌ စခန်းသွင်း လေ့ကျင့်ထားသည့် လက်ရွေးစင် ကစားသမား တစ်ထောင့်နှစ်ရာ ကျော်တွင် နေပြည်တော်၌ ရှစ်ရာကျော် ရှိပြီး ရန်ကုန်တွင် လေးရာရှိကြောင်း ယင်းတို့ အနက်မှ လက်ရွေးစင် ကစားသမားများကို ရွေးချယ်သွား မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

(၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို ရန် ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ငွေဆောင် မြို့ များတွင် ကျင်းပမည် ဖြစ်သည်။

ကစားနည်း ၃၄ မျိုး ထည့်သွင်း ထားကြောင်း၊ ကစားနည်း အများဆုံးကို နေပြည်တော်တွင် ပြုလုပ်၍ ရန် ကုန်တွင် အမျိုးသား ဘောလုံး အုပ်စုပွဲများနှင့် အခြားကစား နည်း ၅ မျိုး ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ မန္တလေးတွင် အမျိုးသမီး ဘောလုံး၊ ငွေဆောင်တွင် ရွက်လှေ ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရ သည်။

Popular Myanmar News Journal