ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးနှင့်အညီ အစာစားနည်း လျှို့ဝှက်ချက်များ

ပို့စ်တင်ချိန် - 8/26/2013 09:02:00 AM


ပြင်သစ်နိုင်ငံ၏ ကျန်းမာရေးနှင့်အညီ အစာစားနည်း

ပြင်သစ်လူမျိုးတွေက ဘဝမှာ စိတ်ချမ်းချမ်းသာသာ နေထိုင်တာနဲ့ ပတ်သက်ပြီး ကျော်ကြားပါတယ်။ နောက်တစ်ချက်အနေနဲ့ သူတို့ဟာ ဗြိတိန်လူမျိုးတွေနဲ့စာရင် အဝလွန်မှု လျော့နည်းပြီး နှလုံးရောဂါဖြစ်နှုန်း လည်း လျော့နည်းတာကို တွေ့ရပါတယ်။ ပြင်သစ်လူမျိုးတွေ အနှစ်သက် ဆုံးဖြစ်တဲ့ ဝိုင်နီဟာ အသင့်အတင့်သောက်ရင် နှလုံးရောဂါဖြစ်နှုန်း ကို လျော့ကျစေတယ်လို့ သိပ္ပံပညာရှင်တချို့က ယုံကြည်ကြ ပါတယ်။ ဝိုင်နီထဲက ဖလေဗိုးနွိုက်ဟာ သွေးခဲတွေကို ချေဖျက်ပေးပြီး သွေးခဲ စုပုံမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။

ဝိုင်နီဟာ ဝိုင်ဖြူထက် ဖလေဗိုးနွိုက်ပါဝင်မှု ၁၀ ဆ ပိုများတယ်လို့လည်း အာဟာရပညာရှင်တွေက ဆိုပါ တယ်။ ဒါပေမဲ့ ဝိုင်ကို များများသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။ ပြင်သစ် လူမျိုးတွေက သရေစာကို အစားနည်းပြီး ဘီစကွတ်မုန့်၊ အာလူးချောင်းကြော်စတဲ့ သရေစာကို တကြွပ်ကြွပ် ဝါးစားတာမျိုးလည်း မရှိပါဘူး။ အစာစားပြီးတဲ့အခါ အစာကို နည်းနည်းပဲ စားတတ်ပါတယ်။ ထမင်းစားချိန် မှာ ထမင်းစားပွဲမှာ ထိုင်ပြီး အချိန်ကြာကြာပေးကာ ဖြည်းဖြည်းချင်း စားတတ်ကာ အစာတစ် လုတ်နဲ့ တစ်လုတ်ကြား ရပ်နားတတ်ပါတယ်။ ဗိုက်ပြည့်တယ်လို့ ထင်တဲ့အခါ ရပ်ပြီး အစာချေဖျက်ဖို့ အချိန်အလုံ အလောက် ပေးတတ်ပါတယ်။

ချိစ် (Cheese) မှာ ပါတဲ့ လီနိုလိရစ်အက်စစ်ဟာ ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပြင်သစ်လေ့လာမှုအရ လီနိုလိရစ်အက်စစ် ပမာဏမြင့်မားတဲ့ ပြင်သစ်အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ခုနစ်ဆခန့် လျော့နည်းကြောင်း သိရပါတယ်။ နောက်တစ်ချက် အနေနဲ့ ဒိန်ခဲထဲက အဆီနဲ့ ကယ်လ်စီယမ်ဓာတ်ဟာ ခံတွင်းထဲက စံအဆင့်ကို ပြောင်းလဲစေကာ သွားပိုးစားမှု မဖြစ်အောင် ကာကွယ် တားဆီးပေးနိုင်ပါတယ်။

မြေထဲပင်လယ် အနီးတစ်ဝိုက် ဒေသများ၏ ကျန်းမာရေးနှင့်အညီ အစာစားနည်း

အီတလီတောင်ပိုင်းနဲ့ ဂရိဒေသတို့လို မြေထဲပင်လယ်ဒေသရှိ လူမျိုးတွေ နှ လုံးရောဂါဖြစ်နှုန်း လျော့ကျရတဲ့ အချက်ကအဆီများတဲ့ ငါးကို များများ စားတာကြောင့် ဖြစ်ပါတယ်။ မက်ကရယ်ငါး၊ ဆာဒင်းငါးနဲ့ ဟာအင်းငါးတို့လို အဆီများတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လို့ ခေါ်တဲ့ မပြည့်ဝဆီ ပါဝင်နေတယ် လို့ အာဟာရပညာရှင်တွေက ယုံကြည်ကြပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ် ပမာဏများများ ရှိတာကြောင့် သွေးကြောစနစ် ကျန်းမာ ပြီး သွေးခဲမှုမဖြစ်အောင် ကူညီကာ နှလုံးရောဂါကို ကာကွယ်ပေး ပါတယ်။ အမေရိကန် လေ့လာမှုတစ်ရပ်အရ ငါးများများစား တာကြောင့် လေဖြတ်နိုင်ခြေကို ၅၂ ရာခိုင် နှုန်းနဲ့ အထက်လျော့ကျစေတယ်လို့ သိရပါတယ်။

မြေထဲပင်လယ်ဒေသခံတွေ အဓိကစားလေ့ရှိတဲ့ သံလွင်ဆီဟာ နှလုံးရော ဂါမဖြစ်အောင် ကာကွယ်နိုင်ပါ တယ်။ သံလွင်ဆီမှာပါတဲ့ မပြည့်ဝဆီဟာ အနီရောင်အသားထဲမှာ တွေ့ရတဲ့ ပြည့်ဝဆီနဲ့ မတူပါဘူး။ ပြည့်ဝဆီ က သွေးတွင်း ကိုလက်စထရောအဆင့် မြင့်တက်စေပြီး နှလုံးရော ဂါ ဖြစ်စေပေမယ့် မပြည့်ဝဆီ ဟာ သွေးတွင်း ကိုလက်စထရော အဆင့်ကို လျော့ကျစေပါတယ်။

အာဖရိကနိုင်ငံ၏ ကျန်းမာရေးနှင့်အညီ အစာစားနည်း

ပဲအမျိုးမျိုး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတဲ့ အမျှင်ဓာတ်ဟာ အစာခြေစနစ်ကို ကျန်းမာစေပါ တယ်။ အဲဒီလို အမျှင်ဓာတ်များတဲ့ အစာကို စားလေ့ရှိတဲ့ အာဖရိက လူမျိုးတွေဟာ အူမကြီးနဲ့ အစာဟောင်း အိမ် ကင်ဆာ ဖြစ်နှုန်းကို လျော့ကျစေတာကို အမေရိကန် လေ့လာမှုတစ် ခုအရ တွေ့ရပါတယ်။ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေက အူကျန်း မာရေး ကောင်း မွန်ဖို့အတွက် လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီး ယားတွေ ကို ဖြစ်ပေါ်စေပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်ပေးပါ တယ်။ အဲဒီအခါ ခန္ဓာကိုယ်က အန္တရာယ်ရှိတဲ့ အဆိပ်တွေနဲ့ ထိတွေ့မှုနည်း တာကြောင့် ကင်ဆာဖြစ်နှုန်း လျော့ကျစေ ပါတယ်။

အခြောက်အခြမ်း ပြုလုပ်ထားတဲ့ ပဲတွေကလည်း နှလုံးကျန်းမာစေပါတယ်။ ပဲအမျိုးမျိုးမှာပါတဲ့ အမျှင် ဓာတ်ဟာ အထဲမှာ ကိုလက်စထရောတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကက်သရင်းကောလင်းရဲ့ လေ့လာမှု အရ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေက အကောင်းဆုံး စွမ်းအင်ဖြစ်ပေါ်စေတဲ့ အရာဖြစ်ကြောင်း၊ သွေး တွင်း သကြားဓာတ်အဆင့်ကို ဟန်ချက်ညီမျှစေတဲ့အပြင် စွမ်းအင်ရှိအောင် ထိန်းသိမ်းပေးနိုင်ကြောင်း သိရပါ တယ်။

ဂျပန်နိုင်ငံ၏ ကျန်းမာရေးနှင့်အညီ အစာစားနည်း

ဂျပန်နိုင်ငံသူတွေက တခြားနိုင်ငံသူတွေထက် ရင်သားကင် ဆာဖြစ်နှုန်း လျော့ကျမှု ရှိပါတယ်။ လေ့လာမှု အရ အီစထရိုဂျင် ဟော်မုန်းပမာဏ များတာကြောင့် ရင်သားတစ်သျှူးတွေကို ထိခိုက်စေနိုင်ကာ ဆဲလ်ပွား များမှုကို အားပေးကြောင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေ များကြောင်း သိရပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်နဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့် ပိုးသတ်ဆေးနဲ့ လေထုညစ်ညမ်းမှုတို့ ခံရပြီး အီစထရို ဂျင်ဟာ အန္တရာယ်ရှိတဲ့ အဆင့်အထိ မြင့်တက်လာတတ်ပါ တယ်။

ဂျပန်လူမျိုးအများစု စားတဲ့ ဟင်းလျာတွေထဲမှာ ပဲပိစပ်ပါဝင်တဲ့ အတွက် ဖိုင်တိုအီစထရိုဂျင်ဓာတ်ကို ရရှိစေပြီး အီစထရိုဂျင်ဟော်မုန်းကို ဟန့် တားနိုင်စွမ်း ရှိပါတယ်။ ဒါက ဂျပန်နိုင်ငံသူတွေ ရင်သားကင် ဆာဖြစ်နှုန်း လျော့နည်းစေတဲ့ အဓိက အကြောင်းပြချက်လို့လည်း ထင်မြင်ထားကြပါတယ်။ ပဲနို့မှာလည်း ဖိုင်တိုအီစထရိုဂျင် ပါဝင်နေပါတယ်။ ဂျပန်နိုင်ငံရှိ အိုကီနာဝါကျွန်းမှာ နေထိုင်ကြတဲ့ အိုကီနာဝါ လူမျိုးတွေဟာ သက်ရှည်ကျန်းမာပြီး နှလုံးရောဂါဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း၊ သားဥအိမ်နဲ့ အူမကြီးကင် ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့နည်းနေတာကို ၂၅ နှစ်ကြာ လေ့လာမှုအရ သိရပါတယ်။ သူတို့က တစ်နေ့မှာ မတူညီကွဲပြားတဲ့ အစားအစာ ၁၈ မျိုး၊ ထမင်းအများကြီး စားလေ့ရှိပြီး အဆီကို မဆိုသလောက် ပဲ စားကာ ဆားပါဝင်မှုက နည်းပါတယ်။

ဂျပန်လူမျိုးတွေ စားလေ့ရှိတဲ့ ငါးအစိမ်းနဲ့ ပြုလုပ်ထားတဲ့ ဆူရှီဟာလည်း အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဂျပန် လူမျိုးတွေဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါတဲ့ ဟင်းသီးဟင်းရွက်တွေကို အများအပြား စားလေ့ရှိ ပါတယ်။

-အိုကီနာဝါလူမျိုးတွေက တစ်နေ့မှာမတူညီတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီး ၁၀ မျိုးခန့် စားပါတယ်။ ကီဝီ သီး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ကစွန်းဥနဲ့ ငရုတ်သီးစတာတွေ ဖြစ်ကြပါတယ်။

-အခွံချွတ်မထားတဲ့ ကောက်နှံကို တစ်နေ့ ၇-၁၃ ခွက်ခန့် စားပါတယ်။

-တိုဟူး၊ ပဲပုပ်စေ့၊ နွားနို့နဲ့ ဒိန်ချဉ်စတဲ့ ကယ်လ်စီယမ်များတဲ့ အစားအသောက်ကို တစ်နေ့ လေးကြိမ် စားပါတယ်။

-အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ အစာကို တစ်နေ့ တစ်ကြိမ်- သုံးကြိမ် စားပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါး နဲ့ မက်ကရယ်စတဲ့ အဆီများတဲ့ ငါးတွေ ပါဝင်ပါတယ်။

-နေ့စဉ် ရေနဲ့ လက်ဖက်ရည် သောက်ပါတယ်။ အနီရောင်အသားကို ရှောင်ပြီးအရက်ကို အသင့်အတင့် သောက်တယ်။ ဒါမှမဟုတ် လုံးဝ ရှောင်ပါတယ်။

အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးနှင့်အညီ အစာစားနည်း

အိန္ဒိယနိုင်ငံသားတွေက အချဉ်ဖောက်ထားတဲ့ နို့ကို သောက်တာကြောင့် အကျိုးပြု ဘက်တီးရီးယားတွေ ရရှိပြီး အူကျန်းမာရေး ကောင်းမွန်ကြပါ တယ်။ အကျိုးပြု ဘက်တီးရီးယားတွေက ဆယ်လ်မွန်နဲလားနဲ့ တခြားပိုးမွှားတွေလို အစာအဆိပ်သင့်စေတဲ့ ပိုးတွေကို တွန်းလှန်ပေး ပါတယ်။ အူကျန်းမာရေး ကောင်းမွန် တာကြောင့် အိန္ဒိယနိုင်ငံသားတွေဟာ အူမကြီးကင်ဆာနဲ့ တခြား အစာဟောင်းအိမ် ရောဂါတို့ ဖြစ်နှုန်း နည်းပါတယ်။ အိန္ဒိယလူမျိုးတွေစားတဲ့ သက်သတ်လွတ်အစာမှာ အင်တီအောက်ဆီးဒင့် များများပါတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပြီး ခန္ဓာကိုယ်ကနေ အင်တီအောက်ဆီးဒင့် စုပ်ယူကာ အရွယ် မတိုင်ခင် အိုမင်းမှုနဲ့ ရောဂါဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
ကျန်းမာရေးစာတိုများစုစည်းမှု