မန္တလေး ပြည်ကြီးတံခွန် မြို့နယ်တွင် အနုကြမ်းစီးမှု ဖြစ်ပွား အဘွားအို တစ်ဦး အသတ်ခံရ …..

ပို့စ်တင်ချိန် - 8/10/2013 06:26:00 AM


မန္တလေး သြဂုတ် ၈

မန္တလေးတိုင်း ဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် ချမ်းမြသာယာ ရပ်ကွက်တွင် သြဂုတ် ၅ရက် ညနေ ၃ နာရီခွဲခန့်က အသက် ၇၃ နှစ်အရွယ် အဘွားအိုတစ်ဦး၏ နေအိမ်၌ အနု ကြမ်းစီးမှု တစ်ခု ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ရွှေပြည်မန္တလာ တိုက်တန်း အဆောင်(၂)၊ အခန်း(၈)နေ ဒေါ်ဂျမ်းဒေါ ၇၃နှစ် (ဘ) ဦးကိုဦးသည် နောက်ဖေး မီးဖိုချောင်တွင် နဖူးပေါက်ပြဲ ဒဏ်ရာဖြင့် လဲကျနေသည်ကို သားဖြစ်သူ ကိုခန့်မင်းက တွေ့ရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံ၌ သေဆုံးသွားခဲ့သည်။

ထိုဖြစ်စဉ်အား သားဖြစ်သူက ပြည်ကြီး တံခွန်မြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ရာ ပြည်ကြီး တံခွန်မြို့နယ် အဆင့်မြင့် ရဲစခန်းမှ တာဝန်မှူး ဒုတိယ ရဲအုပ် ကြည်စိုးနှင့် တာဝန်ရှိသူများက အခင်း ဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ နေအိမ် အိပ်ခန်းအတွင်းရှိ ဒေါ်ဂျမ်းဒေါ ပိုင် ဆိုင်သော သေတ္တာမှာ သော့ဖျက် ထားသည်ကို တွေ့ရှိသဖြင့် သေတ္တာအတွင်းရှိ ပစ္စည်းများအား စစ်ဆေးရာ ရွှေငါးကျပ်သား ဆွဲကြိုးတစ်ကုံး၊ တစ်ကျပ်ခွဲသား ဆွဲကြိုးတစ်ကုံး၊ ရွှေဘယက် တစ်ကျပ်သားတစ်ခု၊ တစ်ကျပ်သား ရွှေလက် ကောက်ငါးကွင်း၊ ရွှေလက်စွပ် ငါးမူးသားသုံး ကွင်းနှင့် ငွေကျပ်နှစ်သိန်း ပျောက်ဆုံး နေကြောင်း သိရသဖြင့် သားဖြစ်သူ ကိုခန့်မင်းက ပြည်ကြီးတံခွန်မြို့ နယ် အဆင့်မြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ရာ ရဲစခန်းမှ (ပ) ၃၇၆/ ၂ဝ၁၃၊ ပြစ်မှုဥပဒေ ပုဒ်မ ၃ဝ၂/ ၃၉၂ တို့ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ