ဆိုးသွမ်းဘောလုံးပရိသတ်များ ဖမ်းဆီးထားခြင်းမရှိဟုဆို

ပို့စ်တင်ချိန် - 8/08/2013 09:50:00 AM

ရန်ကုန်၊ သြဂုတ် ၆

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲစဉ် ၂၂ နေပြည်တော်နှင့် ရန်ကုန်ပွဲတွင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပွဲပျက်သည်အထိ ဖြစ်ပွားခဲ့သော ပြဿနာတွင် ပါဝင်ခဲ့သူ အားလုံးကို အရေးယူသွားမည်ဟု ဆိုထား သော်လည်း သြဂုတ်လ ၆ရက်နေ့အထိ တစ်စုံတစ်ဦးကိုမှ ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိကြောင်း နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) ရဲစခန်း တာဝန်ရှိသူက ပြောကြားသည်။

သြဂုတ်လ ၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန်-နေပြည်တော်ပွဲ၌ ပြဿနာဖြစ်ပွား ခဲ့သည့် နှစ်ဖက်ကစားသမားများ အပါအဝင် ပြဿနာရှာခဲ့သည့် ပရိသတ်များကို ဗီဒီယို အထောက်အထား များဖြင့် စုံစမ်းဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုး၏ ပြောကြားချက်နှင့် ပတ်သက်၍ အတည်ပြုမေးမြန်းစဉ် ၄င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပရိသတ်များကို စခန်းတွင် ထိန်းသိမ်းထားခြင်း မရှိသကဲ့သို့ အခြား စခန်းများတွင်လည်း ထိန်းသိမ်းထားခြင်း မရှိကြောင်း နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) ရဲစခန်းတာဝန် ရှိသူက ဆိုသည်။

ပြဿနာဖြစ်ပွားခဲ့သော ပြိုင်ပွဲ ယှဉ်ပြိုင်သည့် နေ့ကတည်းက ကွင်းအတွင်းသို့ ၁၈ ပေခန့်မြင့်သော ပွဲကြည့်စင်မှ ခုန်ချ ကာ ဒိုင်လူကြီးကိုရန်ပြုရန် ပြေးလာသူသည် ပွဲရပ်နားပြီးချိန်အတွင်း အခန်းတစ်ခု ထဲတွင် မူးယစ်ကာ အိပ်ပျော်နေခဲ့ပြီး နိုးလာသောအခါ အိမ်သို့ပြန်သွား၍ ထိန်းသိမ်း ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက ပြောကြားခဲ့သည်။

ရန်ကုန်နှင့် နေပြည်တော် ဘောလုံး ပြိုင်ပွဲတွင် ရန်ကုန်ပရိသတ် နှစ်ထောင်ကျော်နှင့် နေပြည်တော်အသင်း ပရိသတ် နှစ်သောင်းခန့် လာရောက်အားပေးခဲ့ကြောင်း၊ ပွဲမစမီကပင် နှစ်ဖက်ပရိသတ်များ အပြန်အလှန် အရာဝတ္ထုများနှင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း၊ ပွဲချိန် ၃၂ မိနစ်ခန့်တွင် ရန်ကုန်အသင်းအား ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့ခြင်းအပေါ် မကျေနပ်၍ နေပြည်တော် ပရိသတ်တစ်ဦး ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ပင်နယ်တီပြစ်ဒဏ်ဘောကို ရန်ကုန် အသင်းမှ ဆီဇာကန်သွင်းပြီး အချိန်တွင် နေပြည်တော်ပရိသတ် ၂၅ ဦးခန့် ကွင်း အတွင်းသို့ ဝင်ရောက်ကြကာ ရန်ကုန်ကစားသမား များကို ရန်ပြုရန် ကြိုးစားရာမှ နှစ်ဖက် ကစားသမားများနှင့် ပရိသတ်များ ခိုက်ရန်ဖြစ်ပွားကာ ပွဲကိုရပ်နားခဲ့ရခြင်း ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများထံမှ သိရသည်။

နေပြည်တော်-ရန်ကုန် ပွဲစဉ်ကို ပြိုင်ပွဲရပ်ဆိုင်းရေး စည်းမျဉ်း အမှတ် ၂၈ အပိုဒ်ခွဲ (ဂ) အရ လက်ရှိပွဲရလဒ် အတိုင်း ရန်ကုန်အသင်းကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly