နိုင်ငံကူးလက်မှတ်မပါဘဲ မြန်မာနိုင်ငံသို့ ၀င်လာသည့် တရုတ်သုံးဦးကို ဖမ်းဆီး

ပို့စ်တင်ချိန် - 8/20/2013 08:58:00 AM


ဇော်ဇော်ထွေး | တနင်္လာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၁ မိနစ်

နိုင်ငံကူးလက်မှတ်မပါဘဲ မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံသား သုံးဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးလိုက်ကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့က မှုခင်းသတင်း ထုတ်ပြန်သည်။

၎င်းတို့ သုံးဦးသည် လေဆိပ်သို့ သြဂုတ် ၁၆ ရက် မွန်းလွဲတွင် တရုတ်လေကြောင်း ခရီးစဉ်အမှတ် စီဇက်- ၃၀၅၅ ဖြင့်
ရောက်ရှိလာခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် တွေ့ရသည်။

လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ ရဲများက ဖမ်းဆီးထိန်းသိမ်းခံရလိုက်ရသည့် တရုတ်နိုင်ငံသား သုံးဦးမှာ အသက် ၂၄ နှစ်အရွယ် တရုတ်လူမျိုး ရှောင်ကိုင်၊ အသက် ၂၁ အရွယ် ကိုးကန့်လူမျိုး ချီရီးဟွာနှင့် အသက် ၂၀ အရွယ် ကိုးကန့်လူမျိုး ကျားရွှင်တို့ဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။

ထိုသူများအနက် ရှောင်ကိုင်နှင့် ချီရီးဟွာတို့သည် တောင်ယာလုပ်ကိုင်သူများ ဖြစ်ကြပြီး ကျားရွှင်ဆိုသူမှာတော့ ၀က်မွေးမြူရေး လုပ်ကိုင်သူဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းတို့သုံးဦးကို လေဆိပ်စစ်ဆေးရေး အဖွဲ့-၂ မှ ဒု-လ၀ကမှူး ဦးလင်းထက်က တရားလို ပြုလုပ်တိုင်တန်းထားပြီး မင်္ဂလာဒုံ ရဲစခန်းက အမှုအမှတ် (ပ)၅၁၆/ ၂၀၁၃ဖြင့် အမှုဖွင့်ထားသည်။

သူတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် တရားစွဲမည်ဟုလည်း တိုင်းရဲဌာန၏ မှုခင်းသတင်း ထုတ်ပြန်ချက်တွင်ပါ ရှိသည်။
Mizzima - News in Burmese