ရခိုင် ပဋိပက္ခ ဘာသာရေး ပဋိပက္ခအဖြစ် မရှုမြင်ရန် ကင်တားနားဆို

ပို့စ်တင်ချိန် - 8/20/2013 07:05:00 PM


ရန်ကုန်၊ သြဂုတ် ၁၉

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ဘာသာရေး ပဋိပက္ခအဖြစ် မရှုမြင်ရန် အရေးကြီးကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားက ပြောကြားသည်။

ကင်တားနား၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ သြဂုတ်လ ၁၄ ရက်နေ့က The Voice အပါအဝင် ပြည်တွင်း၊ ပြည်ပ မီဒီယာများ၏ ဆက်သွယ် မေးမြန်းမှုကို ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် ဖွံ့ဖြိုးမှု နည်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ လယ်ယာမြေ ပြဿနာများ အပါအဝင် အခြား ပြဿနာများစွာ ရှိနေသေး ကြောင်း၊ ပဋိပက္ခများသည် ဘာသာရေးနှင့် ဆက်နွှယ်သည့် ပြဿနာ တစ်ခုတည်းကို အဓိက အရင်းခံကာ ဖြစ်ပွားရခြင်း မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“အဓိက သတိပြုမိရမှာက ဘာသာရေး ပဋိပက္ခတစ်ခုအဖြစ် မမြင်မိဖို့ပဲ” ဟု ကင်တားနားက တိုက်တွန်းသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် သာမန် ရာဇဝတ်မှုမှ စတင် ဖြစ်ပွားခြင်း ဖြစ်ပြီး ပဋိပက္ခများ နောက်ကွယ်တွင် ကြိုးကိုင်နေသူများ ရှိနေကြောင်း အစိုးရက အကြိမ်ကြိမ် ပြောဆို ထားသည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာ သင်ကြားခွင့် ရရှိရေး ဖန်တီးပေးရန် နိုင်ငံတော်သမ္မတက ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“အထူးသဖြင့် ဘင်္ဂါလီ ကလေးတွေက သူတို့ ဘာသာရေး စာတွေကိုပဲ သင်ကြားကြတယ်။ အတန်းပညာ မူလတန်းတောင် မတတ်ကြဘူး။ အဲဒီကလေးတွေကို ပညာ သင်ကြားပေးပြီး အသိပညာ တိုးအောင် ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကို လူ့အဖွဲ့အစည်း နှစ်ခုကြား မျက်နှာစုံညီ ဆွေးနွေး အဖြေရှာကာ ယုံကြည်မှု တည်ဆောက်ပြီး ဖြေရှင်းရေးကသာ တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း ကင်တားနားက ထပ်မံ ပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုကြား ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေး အတွက် အပြန်အလှန် နားလည်မှု တည်ဆောက်ရေး၊ ပြန်လည် နေရာချထားရေး၊ အလုပ်အကိုင်များ ဖန်တီးပေးရေး စသည့် ကိစ္စများကို လုပ်ဆောင်နေကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဋ္ဌ တာဝန်ယူထားသည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဒုက္ခသည်များ၏ အခက်အခဲများ၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ လူ့အဖွဲ့အစည်း နှစ်ခု သဟဇာတ ဖြစ်ရေး ကိစ္စများ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စများနှင့် ပတ်သက်၍ လုပ်ဆောင်သင့်သော အချက်များ ကို အကြံပြုထားသည်။

အောက်တိုဘာတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ အစီရင်ခံစာ ရေးရန် ကင်တားနားသည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့ထိ လာရောက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးပြီး လူပေါင်း တစ်သိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။
The Voice Weekly