အမျိုးသမီး ညအိပ်ဝတ်စုံနှင့် ပူတင်၏ပုံ ပန်းချီကားကို ပြသခွင့် ပိတ်ပင်

ပို့စ်တင်ချိန် - 8/29/2013 06:01:00 PM


သမ္မတ ဗလာဒီမာ ပူတင်၏ ပုံတူကို အမျိုးသမီး ညအိပ် ဝတ်စုံနှင့် တွဲဖက်၍ ရေးဆွဲထားသည့် ပန်းချီကား တစ်ချပ်ကို ပြခန်းတစ်ခုအတွင်း ပြသထားရာမှ ရုရှားရဲတပ်ဖွဲ့က ဖယ်ရှားစေခဲ့ကြောင်း သိရှိရသည်။ စိန့်ပီတာစဘာ့ဂ်မြို့ရှိ ပြခန်းထဲတွင် ပြသထားသော အဆိုပါ ပန်းချီကားကို ရဲများက ဆက်လက် ပြသခွင့် ပိတ်ပင်ခဲ့ခြင်းဟု သတင်းများက ဆိုသည်။ အဆိုပါ ပန်းချီကားထဲတွင် အမျိုးသမီး ညအိပ် အတွင်းခံ အဝတ်အထည်များ ဝတ်ဆင်ထားသည့် ပူတင်သည် ဝန်ကြီးချုပ်ဖြစ်သူ ဒီမီထရီ မက်ဗီဒက်ဗ်ကို ဆံပင်ဖြီးပေးနေသည့်ဟန် ပုံဖော်ရေးဆွဲထားသည်။ ထို့အပြင် အငြင်းပွားလောက်စရာ Gayဆန့်ကျင်ရေး ဥပဒေများအတွက် ဦးဆောင် စည်းရုံးခဲ့သည့် ရုရှား ကွန်ဆာဗေးတစ် နိုင်ငံရေးသမား အချို့ကို သရော်ရေးဆွဲထားသည့် အခြားပန်းချီကား နှစ်ချပ်ကိုပါ ရဲများက သိမ်းယူခဲ့သည်။

စတုတ္ထ ပန်းချီကားတွင်မူ ရုရှား အော်သိုဒေါ့စ် ဘုရားကျောင်းတော် အကြီးအကဲ၏ ပုံကို ဆေးမင်ကြောင်များ ထည့်သွင်းရေးဆွဲထားပြီး ယင်းကိုလည်း အာဏာပိုင်များက တိတိကျကျ မဖော်ပြသည့် အကြောင်းပြချက်များဖြင့် ဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။ ပန်းချီပြခန်းပိုင်ရှင် အလက်ဇန္ဒား ဒွန်စကွိုင်းက ယင်းပိတ်ပင်မှု မတိုင်မီ မိမိကို မည်သည့် အကြောင်းကြားမှုမျှ မပြုလုပ်ခဲ့သလို အကြိုဝရမ်း အသိပေးချက်မျိုး မရှိခဲ့ကြောင်း ဝေဖန် ပြောဆိုခဲ့သည်။ ဖယ်ရှားခံရသည့် စာရင်းတွင် အာကန်ဂီလက်ခ်မြို့သား ပန်းချီဆရာ ရေးဆွဲပြီး အုပ်စိုးသူများဟု အမည်ပေးထားသည့် ပန်းချီကားလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ပူတင်၏ သရုပ်ဖော်ပုံတွင် သမ္မတသည် ညဝတ် အမျိုးသမီး အတွင်းခံ ဝတ်စုံနှင့် ရှိနေပြီး မက်ဗီဒက်ဗ်၏ နောက်ဘက်တွင် ရပ်ကာ ဆံပင်ကို ဖြီးသင်ပေးနေသည့်ဟန် ရေးဆွဲထားသည်။ ဝန်ကြီးချုပ် မက်ဗီဒက်ဗ်သည်လည်း အမျိုးသမီး အတွင်းခံ အဝတ်အထည်များ ဝတ်ထားသည့် အမျိုးသမီး ခန္ဓာကိုယ်မျိုး တပ်ဆင်ခြင်း ခံထားရကြောင်း သတင်းများက ဖော်ပြသွားသည်။