ရှစ်လေးလုံးငွေရတုပွဲ နိုင်ငံတော်သမ္မတကို ဖိတ်ကြားမည်

ပို့စ်တင်ချိန် - 8/05/2013 01:27:00 PM


ကလေး၊ သြဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ သြဂုတ်လ ၈ ရက်နေ့ ကျင်းပမည့် ရှစ်လေးလုံးငွေရတု အထိမ်းအမှတ်ပွဲသို့ သမ္မတဦးသိန်းစိန်ကို ဖိတ်ကြားမည် ဖြစ်ကြောင်း အဆိုပါပွဲ ဦးဆောင်ကျင်းပမည့် ရှစ်လေးလုံး အင်အားစု (ကလေး) မှ ရုံးတာဝန်ခံ ဦးမိုက်ကယ်ဝင်းကျော်က The Voice သို့ ပြောကြားသည်။

“ကျွန်တော်ကိုယ်တိုင် သြဂုတ်လ ၄ ရက်နေ့မှာ စာတိုက်ကိုသွားပြီး မှတ်ပုံတင်စာနဲ့ ပို့ဆောင် ဖိတ်ကြားမှာပါ။ သမ္မတကြီးကို ဘာလို့ဖိတ်ရသလဲဆိုတော့ ၈၈ ကာလတုန်းက သမ္မတကြီးက တပ်ရင်းမှူးဘဝနဲ့ ကလေးမြို့က (၈၉)တပ်ရင်းမှာ နေထိုင်ခဲ့ဖူးတယ်။ ၈၈ တုန်းက ကလေးမြို့မှာ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ သမ္မတကြီး အသိဆုံးဖြစ်တယ်။ ဒါကြောင့် သမ္မတကြီးကို ဖိတ်ကြားရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အခမ်းအနားဖွင့်ပွဲကို အဆိုပါနေ့ နံနက် ၈ နာရီ ၈ မိနစ် ၈ စက္ကန့်အချိန်တွင် ကလေးမြို့ အောင်မင်္ဂလာ ဇာတ်ရုံအတွင်း ပြုလုပ်မည် ဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်းက ကိုယ်ကျိုးစွန့်သွားခဲ့သော ရဟန်းရှင်လူအပေါင်းကို အမှတ်ရစေ ရန်ရည်ရွယ်ကာ ယင်းခေတ်က မှတ်တမ်းတင်ခဲ့သော ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများကို အများပြည်သူ လေ့လာနိုင်စေရန် ပြသသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြို့ပေါ်ရှိ အဖွဲ့အစည်း အသီးသီး၊ ဌာနဆိုင်ရာ အသီးသီးနှင့် တမူး၊ ကလေးဝ စသောမြို့များမှ လူငယ်အဖွဲ့အစည်းများ တက်ရောက်ရန် ဖိတ်ကြားထားပြီး ၁၉၈၈ ခုနှစ်ကာလအတွင်း ပါဝင်လှုပ်ရှားခဲ့သောသူများ၏ အတွေ့အကြုံများကို ပြန်လည် ပြောပြခြင်း များ ပြုလုပ်မည် ဖြစ်ကြောင်း ဦးမိုက်ကယ်ဝင်းကျော်က ပြောကြားသည်။

မြတ်(ကလေး)
The Voice Weekly