မြိတ်အာဏာပိုင်တို့ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ပိုစတာများ ဖြုတ်သိမ်း

ပို့စ်တင်ချိန် - 8/07/2013 11:42:00 AM

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၁ မိနစ်

တနင်္သာရီတိုင်း မြိတ်မြို့တွင် စိုက်ထူ ချိတ်ဆွဲထားသည့် ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ပိုစတာများ သြဂုတ်လ ၅ ရက် ညတွင် အာဏာပိုင်များမှ ဖြုတ်ယူသိမ်းဆည်းသွားသည်ဟု အခမ်းအနား ကျင်းပရေး ကော်မတီက ပြောသည်။

ပိုစတာ ၁၁ ခုအနက် ၈ ခုခန့်ကို ည ၉ နာရီဝန်းကျင်တွင် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ဖြုတ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ငွေရတုအခမ်းအနားကျင်းပရေး ကော်မတီဝင်နှင့် မြိတ်ခရိုင် ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ ကိုတင်ကိုကိုဦးက ပြောသည်။

သြဂုတ်လ ၅ ရက် မွန်းလွဲပိုင်းတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အခမ်းအ နားကျင်းပရေးကော်မတီကို ခရိုင်ရုံးတွင် ခေါ်ယူတွေ့ဆုံရာ ပိုစတာပါ စာသားအချို့ကြောင့် ဆူပူအုံကြွမှု ဖြစ်ပေါ်လာနိုင်သည်ဟုဆိုကာ ပိုစတာများကို ဖြုတ်သိမ်းပေးရန် ပြောဆိုခဲ့သည်ဟုလည်း ကိုတင်ကိုကိုဦး က ပြောသည်။

“စစ်အာဏာရှင် ဆန့်ကျင်ရေးဆိုတာနဲ့ အရေးတော်ပုံဆိုတဲ့ စာသားတွေ ပါနေလို့ ဖြုတ်ပေးပါတဲ့။ ကျွန်တော်တို့က ဖြုတ်/မဖြုတ် ဘာမှမပြောခဲ့ဘူး။ ညရောက်တော့ သူတို့ဝင်ဖြုတ်ချမယ်လုပ်တော့ ကျွန်တော် တို့ဘာသာ ဖြုတ်မယ်လို့ အကြောင်းပြန်လိုက်တယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင် ၀င်ဖြုတ်လိုက်တာ ကျွန်တော်တို့ တစ်ခု၊ နှစ်ခုပဲ ဖြုတ်ရတယ်”ဟု ကိုတင်ကိုကိုဦးက ပြောသည်။

ပိုစတာများတွင် “မြန်မာနိုင်ငံ စစ်အာဏာရှင် ဖယ်ရှားရေး၊ ဒီမိုကရေစီအရေးတို့အတွက် တိုင်းရင်းသား၊ ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ လူထုလှုပ်ရှားမှုကြီး ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားသို့ မြိတ်မြို့ ပြည်သူတစ်ရပ်လုံး တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်”ဟု ရေးသားထားသည်။

မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက “သူတို့ရေးထားတဲ့ အကြောင်းလေးတွေက နည်းနည်း လှုံ့ဆော်မှုသဘောမျိုး သက်ရောက်နေတယ်လေ။ မနေ့နေ့လည်ပိုင်းကတည်းက သူတို့နဲ့ ဆွေးနွေးထားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရထားပါတယ်။ စာသားအသုံးအနှုန်းတွေက မဆီ လျော်လို့ ရုတ်သိမ်းပေးပါဆိုတာ သူတို့လက်ခံတယ်လေ။ အဲဒါကို သူတို့ဖြုတ်ဖို့ကျတော့ သူတို့မှာအခက် အခဲရှိလို့ပါဆိုလို့ ကျွန်တော်တို့ လိုက်ဖြုတ်ပေးတာပါ”ဟု ပြောသည်။

ရပ်ကွက်နှင့် ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးများရှိ ပိုစတာများကို မြို့နယ် NLD တာဝန် ရှိသူများအား အကြောင်းကြားခြင်းမရှိဘဲ ရဲများနှင့် ၀င်ရောက်ဖျက်ဆီးခဲ့သည်မှာ ဘောင်ကျော်သည့် လုပ်ရပ်ဖြစ်ပြီး သမိုင်းမှန်ကို ဖုံးကွယ်လိုသည့် လုပ်ရပ်ဖြစ်သည်ဟု NLD လူငယ်များက ဝေဖန်သည်။

“သမ္မတကြီးပြောနေတဲ့ ဒီမိုကရေစီဆိုတာ ဘာလဲ။ စစ်အာဏာရှင်ဆိုတဲ့ စကားက တကယ်ရော မမှန်ခဲ့လို့လား။ ၈၈ ကရော အရေးတော်ပုံမဟုတ်လို့ ဘောလုံးပွဲလား။ ဘာ့ကြောင့် လက်မခံတာလဲ။ ကျွန်တော် တို့လုပ်တာ သမိုင်းကို လူငယ်တွေ အမှန်အတိုင်း သိမြင်ပြီး လက်ဆင့်ကမ်းဖို့ပါ။ အခုလုပ်ရပ်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”ဟု မြိတ်မြို့နယ် NLD လူငယ်တစ်ဦးဖြစ်သူ ကိုဥက္ကာမင်းက ပြောသည်။

သြဂုတ်လ ၄ ရက်ညပိုင်းတွင်လည်း လူစည်ကားသည့် မြိတ်မြို့၊ ကန်ဖျားရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်အနီး အလျား ၁၈ ပေ၊ အနံ ၃ ပေရှိ အကြီးဆုံး ဗွီနိုင်းပိုစတာကို ဖြုတ်ယူ ဖျက်ဆီးခဲ့ပြီး ကျင်းပရေးကော်မတီက သြဂုတ်လ ၅ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ပြန်လည် စိုက်ထူခဲ့ရသည်။

ဖြုတ်ယူ ဖျက်ဆီးခံရပြီးနောက် သြဂုတ် လ ၅ ရက်တွင် မြိတ်ခရိုင် ၈၈ ကျောင်းသားအဖွဲ့က အထက်ပါ လုပ်ရပ်သည် ဒီမိုကရေစီအရေးအား နောက်ပြန်လှည့်လိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး “မည်သည့် ဒီမိုကရေစီစနစ်အား နောက်ပြန်လှည့်လိုမှု၊ မြိတ်မြို့တည်ငြိမ်မှုအား ဖျက်ဆီးလိုမှုကိုမဆို လုံးဝ ထောက်ခံသွားမည်မဟုတ်ပါ”ဟု ထုတ်ပြန်သည်။

“သူတို့လုပ်လေ လူထုသိလေ ပေါ့ဗျာ။ ဖာသိဖာသာနေရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ကျွန်တော် ကတော့ ရင်ထဲ ဘာမှ အစွဲအမြဲ မထားပါဘူး။ သေရင် ဘာမှ ပါသွားတာမှ မဟုတ်တာ။ သမိုင်းကိုဖျောက်ချင်လို့လုပ်လည်း သမိုင်းအမှန်က ရှိနေမှာလေ”ဟု ကိုတင်ကိုကိုဦးက ပြောသည်။

မြိတ်မြို့တွင် ပြုလုပ်မည့် ရှစ်လေးလုံး ငွေရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို မြိတ်မြို့က လွင်ကျေးရွာ တောရအောက်ကျောင်းတွင် အစီအစဉ်နှစ်ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နံနက်ပိုင်းတွင် ၈၈အရေးတော်ပုံတွင် ကျဆုံးသွားသူများကို ရည်စူး၍ ဆွမ်းကျွေးတရားတော်နာ ဆောင်ရွက်မည်ဖြစ်ပြီး နေ့လည် ၁၂နာရီ အချိန်တွင် အခမ်းအနားကျင်းပမည်ဖြစ်သည်။
Mizzima - News in Burmese