ပြည်ပမှ အထောက်အပံ့ယူသည့် နိုင်ငံရေးပါတီကို ဖျက်သိမ်းပစ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က သတိပေး

ပို့စ်တင်ချိန် - 8/29/2013 09:03:00 AM

နိုင်ငံရေးပါတီများ နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ ငွေကြေး၊ ပစ္စည်း၊ အထောက်အပံ့များ ယူလျှင် ပါတီကို ဖျက်သိမ်းပစ်
သည်အထိ အရေးယူနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပါတီအသီးသီးသို့ သြဂုတ်၂၃ ရက်က သတိပေးစာများ
ပေးပို့ခဲ့သည်။

နိုင်ငံရေးပါတီများသည် ပါတီအနေဖြင့်သော်လည်းကောင်း၊ ပါတီလက်အောက်ရှိ အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့်
သော်လည်းကောင်း၊ ပါတီဝင် တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ပြည်ပမှ အထောက်အပံ့များ ယူပါက အခြေခံ
ဥပဒေပုဒ်မ ၄၀၇(ဂ) အရ ထိုပါတီအား ဖျက်သိမ်းပစ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲကော်မရှင်သည် ထိုသို့ စာထုတ်ပြန်ပြီး သတိမပေးမီ ဇူလိုင်လအတွင်းက နိုင်ငံရေးပါတီ ၅၁ ခုလုံးသို့
ပြည်ပမှပေးသည့် အထောက်အပံ့များနှင့် ပတ်သက်၍ သဘောထားမှတ်ချက် တောင်းခံခဲ့ရာ ၁၆ ပါတီကသာ ပြည်ပ
အထောက်အပံ့များကို လက်ခံနိုင်ရန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပေးသင့်ကြောင်း တောင်းဆိုခဲ့သည်
ဟု ရွေးကောက်ပွဲကော်မရှင်က ဆိုထားသည်။

ကျန်ပါတီများအနက် ၁၇ ပါတီက အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် ပါသည့်
အတိုင်း ပြည်ပအထောက်အပံ့ကို မယူရန် အတိအကျ လိုက်နာသင့်ကြောင်း သဘောထား မှတ်ချက်ပေးခဲ့ပြီး ၁၈ ပါတီကမူ သဘောထားတစ်စုံတရာ ပေးရန်မရှိဟု အကြောင်းပြန်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆက်လက် ရှင်းပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်ပါတီမှ အောက်လွှတ်တော်အမတ် ဦးခွန်သိန်းဖေက “ပါတီရန်ပုံငွေ
အတွက်ဆိုရင်တော့ ကျွန်တော်တို့လည်း လက်မခံပါဘူး။ လူမှုရေးလုပ်ငန်းတွေ လုပ်တာမျိုး၊ ပါတီတွေကတစ်ဆင့်
ပြည်သူတွေလက်ထဲကို ရောက်မယ့်ကိစ္စမျိုးဆိုရင်တော့ ယူသင့်ပါတယ်။ ဒီလိုမျိုး ယူလို့ရအောင် ဥပဒေစည်းမျဉ်း
တစ်ခု ရေးဆွဲပြီး ပါတီတွေကို ခွင့်ပြုသင့်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အောက်လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကလည်း “ဥပဒေဆိုတာ လိုရင်လို
သလို မျှော့ကြိုးလို အသုံးပြုလို့ မရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတီ တည်ထောင်ခွင့်နဲ့ပတ်သက်တာ၊ သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်တာတွေမှာလည်း လိုသလို အသုံးပြုလို့ရတဲ့ ပြဌာန်းချက်တွေပါနေလို့ ပြင်ဖို့ ကြိုးစားနေ
တာပဲ။ ဒီလိုပဲ ပါတီရဲ့ အလှူလုပ်ငန်းတွေအတွက် နိုင်ငံခြားက ထောက်ပံ့တာဆိုရင် ပါတီရန်ပုံငွေလို့ သတ်မှတ်ပြီး ဥပဒေနဲ့ ငြိစွန်းတယ်ဆိုလို့ မရပါဘူး”ဟု မှတ်ချက်ပြုသည်။

mizzimaburmese