မိဘမဲ့ကလေး အခွင့်အရေး လွှတ်တော်မှာ အဆိုတင်သွင်းမည်

ပို့စ်တင်ချိန် - 8/08/2013 09:52:00 AM


မိဘမဲ့ကလေးတွေရဲ့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဝန်ကြီးဌာနတွေအပါအဝင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီး အဆိုတစ်ရပ်တင်သွင်းသွားမယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ပြောလိုက်ပါတယ်။

လူငယ်ဖွံ့ဖြိုးရေးဂေဟာတွေမှာရှိတဲ့ မိဘမဲ့ကလေးတွေရဲ့ နိုင်ငံသားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက မေးမြန်းခဲ့တာကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် အခုလိုဖြေကြားခဲ့တာပါ။

“ဖခင်အမည်၊ မိခင်အမည်သိမှ နိုင်ငံသားဖြစ်မှာပါ၊ နိုင်ငံအတွင်းမှာ မွေးဖွားတာကို ကော်မတီတစ်ရပ်ကနေ အာမခံလို့ရှိရင် နိုင်ငံသားဖြစ်မှာပါ၊ နောက်တစ်ခုက လူမျိုး၊ လူမျိုးရယ်ခွဲတဲ့အခါမှာ ဘယ်လူမျိုးမှာခွဲမှာလဲ၊ သူတို့ရဲ့ဘာသာစကား၊ ဘယ်ဘာသာစကားတတ်တာလဲဆိုတဲ့ အသေးစိတ်စဉ်းစားရမယ့်ကိစ္စတွေ အများကြီးရှိတဲ့အတွက်ကြောင့် ဒါကိုဝန်ကြီးဌာနနဲ့ လွှတ်တော်ကဖွဲ့ထားတဲ့ လွှတ်တော်ရေးရာအုပ်ချုပ်မှုကော်မတီနဲ့ အသေးစိတ်ပြန်ဆွေးနွေးမယ်၊ အဲလိုဆွေးနွေးပြီးမှ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတစ်ခုကို ဝန်ကြီးဌာနရော ဒီဘက်ကတိုင်းရင်းသားတွေအပါအဝင် သဘောတူညီတဲ့ကိစ္စတစ်ခု အဆိုတင်သွင်းဖို့လိုပါတယ်”

မိဘမဲ့ဂေဟာတွေမှာရှိတဲ့ ကလေးတွေ နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိဖို့အပါအဝင် အိမ်ထောင်စုစာရင်းရရှိဖို့အတွက် စာရင်းကောက်ယူသွားဖို့ရှိတယ်လို့လည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။
RFA Burmese