လူမှုကွန်ရက်ပေါ်မှ ဓာတ်ပုံနှင့် သတင်းများ မှန်ကန်ကြောင်း သက်သေမပြနိုင်ဘဲ ပုံနှိပ်မီဒီယာ အချို့တွင် ဖော်ပြနေမှုများအား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ခေါ်ယူဆွေးနွေးမည်

ပို့စ်တင်ချိန် - 8/29/2013 08:42:00 AM

လူမှုကွန်ရက် (Facebook) ပေါ်မှ ဓာတ်ပုံနှင့် သတင်းများ မှန်ကန်ကြောင်း သက်သေမပြနိုင်ဘဲ ပုံနှိပ်မီဒီယာတွင် ဖော်ပြနေမှုများအား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ခေါ်ယူဆွေးနွေးသွားမည်ဟု သိရှိရသည်။
"ကျင့်ဝတ်အရ ပြောရရင် Facebook ပေါ်က သတင်းတွေကို ဂျာနယ်တွေ၊ သတင်းစာတွေက ယူနေတာဟာ အရမ်းကို မှားနေတယ်။ ဘာကြောင့်လဲဆိုတော့ Facebook ပေါ်က သတင်းက တိကျခိုင်လုံတဲ့ သတင်းမဟုတ်ဘူး။ သက်ဆိုင်ရာ ၀က်ဘ်ဆိုက်သတင်းတွေဟာ သက်ဆိုင်ရာ မီဒီယာတွေက တာဝန်ခံမှု ရှိတယ်။ အဲဒီအတွက် ၀က်ဘ်ဆိုက်ကနေယူပြီး သုံးလို့ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြိတ်မြို့မှာ ဖောက်ခွဲရေးသမား မိတယ်လို့ တင်လိုက်တာကို ယုံကြည်ပြီး ဂျာနယ်တွေထဲမှာ ပြန်ထည့်တယ်ဆိုတာ မှားတဲ့သတင်းတွေ ပြည်သူကို ပေးရာရောက်တယ်။ ကျင့်ဝတ်အရ မကောင်းဘူး" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။ အဆိုပါ သတင်းအား ပြန်လည်ဖော်ပြခဲ့ကြရာတွင် Facebook ပေါ်တွင် တင်ထားသော ဓာတ်ပုံများကို ပြန်လည်ထည့်သွင်းခဲ့ရာ ယင်းဖြစ်စဉ်နှင့် သက်ဆိုင်ခြင်း မရှိသူများ၏ ဓာတ်ပုံများပါ ပါရှိခဲ့သည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
"ဒါနဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီက Facebook ပေါ်က ဓာတ်ပုံတွေနဲ့ သတင်းတွေကို လွယ်လွယ်ကူကူယူပြီး ပုံနှိပ်မီဒီယာမှာ အသုံးချတာ ကျင့်ဝတ်နဲ့ မညီတဲ့အတွက် နောက်ပိုင်းမှာ အဲဒီ လိုမျိုး ဖော်ပြတဲ့ မီဒီယာတွေကို ခေါ်ယူဆွေးနွေးပြီး သူတို့တာဝန်ယူတတ်ဖို့၊ သတင်းတွေကို တိတိကျကျ မှန်မှန်ကန်ကန် ဖော်ပြပေးဖို့ ပြောပြသွားဖို့ အစီအစဉ် ရှိပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ထုတ်ပြန်ထားသည့် မီဒီယာများ လိုက်နာရမည့် စာနယ်ဇင်းကျင့်ဝတ် ၁၅ ချက်တွင်လည်း အီလက်ထရောနစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက်၊ လူမှုကွန်ရက်များ စသည့်နည်းလမ်းများမှ တစ်ဆင့်ရသော သတင်းများသည် မှန်ကန်ကြောင်း သက်သေအခိုင်အမာ မပြနိုင်က ပြန်လည်ကူးယူ ဖြန့်ချိခြင်း မပြုရဟူသည့်အချက် ပါဝင်သည်။
အင်တာနက်ပေါ်မှ သတင်းများကို လွယ်လွယ်ကူကူ ယူသုံးမှုများ ရှိနေသောကြောင့် နစ်နာသူများ ရှိနေကြောင်း၊ အဆိုပါ နစ်နာသူများက စာနယ်ဇင်းကောင်စီသို့ တိုင်ကြားလျှင်သော် လည်းကောင်း၊ မတိုင်ကြားသော်လည်း မီဒီယာကျင့်ဝတ်နှင့် မညီသည့် ဆိုးဝါးစွာ သတင်းဖော်ပြမှုများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ သတင်းဌာနအား ခေါ်ယူတွေ့ဆုံ ဆွေးနွေးသွားရန် စသည်တို့ကို စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များအကြား ဆွေးနွေးနေသည်ဟု သိရသည်။

Eleven