မဟာဗန္ဓုလပန်းခြံလမ်းတွင် ဆင်ဆာမဲ့ နိုင်ငံခြားဇာတ်ကား DVD တစ်သိန်းကျော်မိ

ပို့စ်တင်ချိန် - 8/02/2013 07:06:00 PM


ရန်ကုန်၊ သြဂုတ် ၁

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက် မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ MOVIE MART အခွေ အရောင်းဒိုင်တွင် ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်က ဆင်ဆာမဲ့ နိုင်ငံခြား DVD ခွေမျိုးစုံ တစ်သိန်းကျော် ဖမ်းမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အခွေအရောင်းဆိုင်ကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ရောင်စုံပလတ်စတစ်ခြင်း ၁၄၂ ခြင်းဖြင့် ထည့်ထားသည့် နိုင်ငံခြားသီချင်း၊ ဇာတ်လမ်းနှင့် ကာတွန်းရုပ်ပုံများ ပါဝင်သော ဆင်ဆာမဲ့ နိုင်ငံခြား DVD ခွေ ၆၁,၂၀၀ ချပ်၊ ငွေစက္ကူ တစ်သိန်းခြောက်သောင်းကျပ်၊ ဆိုင်အပေါ်ထပ်မှ MOVIE MART လိပ်စာကတ် ၅၀နှင့် နိုင်ငံခြားခွေမျိုးစုံ ၄၁,၉၄၀ ချပ်၊ စုစုပေါင်း DVD ခွေမျိုးစုံ ၁၀၃,၁၄၀ ချပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“မြန်မာ ဇာတ်ကား၊ မြန်မာသီချင်းခွေနဲ့ ညစ်ညမ်းခွေတွေ မပါဘူးလို့ ကြားတယ်၊ နိုင်ငံခြားခွေတွေ ဖမ်းမယ်ဆိုရင် နိုင်ငံခြား ဇာတ်လမ်းတွေ ပြနေတဲ့ ရုပ်ရှင်ရုံတို့၊ တီဗီတို့ကိုကျတော့ ဘာဖြစ်လို့ ခွင့်ပြုထားတာလဲ။ ရုပ်ရှင်အစည်းအရုံးက ဖမ်းခိုင်းတာလား၊ ရဲကဖမ်းတာလား မသိဘူး။ မေးလိုက်ရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘော်လီဘော ပုတ်နေကြတယ်” ဟု ဆင်ဆာမဲ့ခွေ ရောင်းချမှုဖြင့် ပြစ်ဒဏ်တစ်ကြိမ် ကျခံဖူးသူ အမျိုးသားတစ်ဦးက The Voice သို့ ပြောကြားသည်။

ဆင်ဆာမဲ့ နိုင်ငံခြားခွေများ ဖမ်းမိသည့် MOVIE MART ဆိုင်သည် ရန်ကုန်မြို့တွင် အကြီးဆုံး အခွေရောင်းချသည့် ဒိုင်တစ်ခုဖြစ်ပြီး အဆိုပါလမ်းတွင် ဆိုင်ဖွင့်နေသည်မှာ ရှစ်နှစ်ခန့် ရှိကြောင်း မဟာဗန္ဓုလပန်းခြံလမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဆိုင်ပိုင်ရှင် ဦးသန့်ဇင်ကို (ပ) ၂၇၄/၂၀၁၃၊ ဗီဒီယို ဥပဒေပုဒ်မ ၃၂(က)/(ခ) ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းမှ အရေးယူဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly