သုံးနှစ်အတွင်း ဈေးနှုန်းထပ်ပြောင်းမည် မဟုတ်ဟု SKY NET ကတိပေး

ပို့စ်တင်ချိန် - 8/02/2013 09:54:00 AM


ဲုမြန်မာနိုင်ငံတွင် ပရီးမီးယားလိဂ် ဘောလုံးပွဲများ တစ်ဦးတည်းမူပိုင် ပြသခွင့် ရရှိထားသည့ှ် SKY NET အခပေး ရုပ်သံလိုင်းက အသစ်ပြောင်းလဲ ပြင်ဆင်လိုက်သည့် လစဉ်ကြေးများကို လာမည့်သုံးနှစ်တာ ကာလအတွင် လုံးဝထပ်မံပြင်ဆင်မည် မဟုတ်ကြောင်း ယင်းရုပ်သံလိုင်း အထွေထွေမန်နေဂျာ ဦးဝင်းနိုင်က The Voice သို့ ပြောကြားသည်။
"အခုပြင်ဆင်လိုက်တဲ့ နှုန်းထား အသစ်ကို သုံးနှစ်အထိ ဈေးထပ်မပြောင်းတော့ဖို့ အခုပဲ အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်လိုက်တာပါ" ဟု ၄င်းက ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၇ နာရီ ဝန်းကျင်တွင် ပြောကြားသည်။

သြဂုတ်လ ၁ ရက်နေ့မှ စတင် ပြောင်းလဲကောက်ခံမည့် လစဉ်ကြေးနှုန်း ထားများမှာ ရုပ်သံလိုင်းပေါင်း ၂၀ မှ လိုင်းပေါင်း ၁၀၀ ကျော်အထိ ကြည့်ရှု နိုင်မည့် Package သုံးမျိုး ခွဲခြားထားပြီး လစဉ်ကြေးမှာ အနိမ့်ဆုံး ၃၆၀၀ ကျပ်မှ အမြင့်ဆုံး ၁၉၈၀၀ ကျပ်အထိ ကျသင့်မည် ဖြစ်သည်။

SN-1, SN-2, နှင့် SN-3 ဟူ၍ Package သုံးမျိုး ခွဲထားပြီး တစ်လချင်း ဝယ်ယူကြည့်ရှုမည် ဆိုပါက လစဉ်ကြေးများ ကို ၃၆၀၀၊ ၁၄၄၀၀ နှင့် ၁၉၈၀၀ ကျပ် အသီးသီး သတ်မှတ်ထားပြီး ကြည့်ရှုခွင့် တစ်နှစ်စာ တစ်ပေါင်းတည်း ဝယ်ယူသူများ အတွက် SN-2 အတွက် လစဉ်ကြေး တစ်လ ၁၂၀၀၀နှုန်းဖြင့် လည်းကောင်း၊ SN-3 အတွက် လစဉ်ကြေး တစ်လ ၁၆၀၀၀ နှုန်းဖြင့်လည်းကောင်း သတ်မှတ်ထား ကြောင်း SKY NET က ထုတ်ပြန်ထားသည်။

SKY NET အခပေးရုပ်သံလိုင်း ဈေးနှုန်းတိုးမြှင့် သတ်မှတ်လိုက်ခြင်း အပေါ် စားသုံးသူများအကြား ဝေဖန်မှုအမျိုးမျိုး ပေါ်ထွက်နေပြီး ပရီးမီးယားလိဂ်ကို ဈေးမြင့်ပေးကာ တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့် ဝယ်ယူလိုက်ခြင်းကြောင့် ဈေးတိုးလိုက်ခြင်း ဖြစ်နိုင်ကြောင်းလည်း ဝေဖန်သုံးသပ်နေကြသည်။

ယခုကဲ့သို့ ဈေးနှုန်းပြင်ဆင် သတ်မှတ်လိုက်ခြင်းမှာ ထုတ်လွှင့်ပြသသည့် လိုင်းများ တိုးမြှင့် လိုက်ခြင်းကြောင့်သာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြသခွင့် ဝယ်ယူမှုနှင့် မသက်ဆိုင်ကြောင်း The Voice ၏မေးမြန်းမှုကို ဦးဝင်းနိုင်က ပြန်လည်ဖြေ ကြားသည်။

SN-1 တွင် ရုပ်သံလိုင်း ၂၀၊ SN-2 တွင် ရုပ်သံလိုင်းပေါင်း ၇၃ လိုင်းနှင့် SN-3 တွင် ရုပ်သံလိုင်းပေါင်း ၁၀၅ လိုင်းအထိ တိုးမြှင့်ပြသမည် ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

The Voice