TE ကား ကြမ်းကျွံ၍ ၁၁ နှစ် ကလေး သေဆုံး

ပို့စ်တင်ချိန် - 8/12/2013 02:42:00 PM

ဟင်္သာတ၊ သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ရှားတော ကျေးရွာအုပ်စု အမှတ် (၁) ရပ်ကွက်တွင် သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ ခန့်က မောင်းနှင်နေသည့် TE 11 ယာဉ်ပေါ် လိုက်ပါ လာသည့် အသက် ၁၁ နှစ်အရွယ် မောင်အောင်မင်းထက်မှာ ကားကြမ်းပေါက် ကျွံကာ ယာဉ်ပေါ်မှ ပြုတ်ကျ သေဆုံးကြောင်း မျက်မြင်များထံမှ သိရသည်။

မြန်အောင်မြို့ အမှတ် (၃) ရပ်ကွက် ဗောဓိပင်လမ်းရှိ တနင်္ဂနွေ ဆွမ်းပတ်သို့ ဆွမ်းဟင်းများ ယူရန် မြန်အောင် ရေနံမြေမှ အဆိုပါ TE 11 ကားဖြင့် အုန်းလက် ဘုန်းတော်ကြီးကျောင်းမှ သံဃာအပါး ၃၀ နှင့် မောင်အောင်မင်းထက်အပါ ကျောင်းသား သုံးဦးတို့ သွားရောက်စဉ် ရှားတော အမှတ် (၁) ရပ်ကွက် အရောက်၌ ကားကြမ်းပေါက် ကျွံကာ ပြုတ်ကျ သေဆုံးခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယာဉ်မောင်း ဦးလှိုင်သိန်းသည် မြန်အောင်မြို့ အုန်းလက် ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ ဆွမ်းခံကြွရာတွင် အမြဲတမ်း ကူညီလေ့ ရှိပြီး မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့ စခန်းက ၎င်းကို (ပ) ၁၃ /၂၀၁၃ ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူက ဆိုသည်။
The Voice Weekly