Belstaff အတွက် ကိုယ်ဟန်ပြခဲ့သည့် ဘက်ဟမ်း

ပို့စ်တင်ချိန် - 9/17/2013 10:34:00 AM


ဘောလုံးကန် ဖိနပ်များကို အပြီးတိုင် သိမ်းဆည်းလိုက်ပြီးနောက် ဒေးဗစ်ဘက်ဟမ်းတစ်ယောက် ဖက်ရှင်နယ်ပယ်ဘက် ပိုမို၍ ထဲထဲဝင်ဝင် ခြေလှမ်းလာပြီ ဖြစ်သည်။ အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဟောင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီကုန်၌ အားကစားသမား ဘဝကို အပြီးတိုင် စွန့်ခွာပြီဟု ကြေညာခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်၊ ရီးယဲလ်မက်ဒရစ်၊ လော့စ်အန်ဂျလိစ် ဂလက်စီနှင့် ပဲရစ်စိန့်ဂျာမိန်း အသင်းများတွင် ကစားခဲ့ဖူးသည့် ဘက်ဟမ်းသည် လန်ဒန်ရှိ ဘွန်းလမ်းမှ ဖက်ရှင်ဆိုင်တစ်ခု ဖွင့်လှစ်မှုတွင် ပါဝင်ခဲ့သည်။ ဆိုင်ကယ်စီး ဖက်ရှင်အဝတ်အထည်များ ရောင်းချမည့် Belstaff အမှတ်တံဆိပ် ဆိုင်ဖွင့်ပွဲတွင် ဘက်ဟမ်းက ကိုယ်ဟန်ပြ ဓာတ်ပုံများ အရိုက်ခံခဲ့ခြင်း ဖြစ်သည်။
၎င်းသည် သားရေကျပ် ဂျာကင်အင်္ကျီ၊ ဘောင်းဘီအကျပ်တို့ကို ကျကျနန ဝတ်ဆင်ထားပြီး လိမ္မော်ရောင် BMW ဆိုင်ကယ် တစ်စင်းနှင့် သားနားနေသည်ကို တွေ့ရသည်။ ဘက်ဟမ်းသည် Belstaff၏ (၂၀၁၄)ခုနှစ် နွေရာသီ အရောင်းမြှင့်တင်မှု အစီအစဉ်တွင် ကြော်ငြာမော်ဒယ်လ်အဖြစ် ကိုယ်စားပြုပေးရန်လည်း စာချုပ်ထားသည်။ ယခုအစီအစဉ်တွင် ဘက်ဟမ်းနှင့်အတူ မော်ဒယ်လ် အမျိုးသား၊ အမျိုးသမီး အချို့လည်း ဖက်ရှင် ဒီဇိုင်းသစ်များကို ကိုယ်ဟန်ပြ ဝတ်ဆင်ပြသွားခဲ့ကြသည်။ ဘက်ဟမ်းသည် ဇနီးဖြစ်သူ ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယား ဘက်ဟမ်းကို အားပေးရန် လန်ဒန်ဖက်ရှင် သီတင်းပတ် အစီအစဉ်သို့လည်း စနေနေ့က တက်ရောက်ခဲ့သေးကြောင်း သိရှိရသည်။

Planet