မော်ဒယ်လ်မြင့် ကားများတွင် ကားဘီးများအတွက် သတိပေးသော ဆင်ဆာများပါရှိလာ

ပို့စ်တင်ချိန် - 9/24/2013 09:05:00 AM



ယခုနောက်ပိုင်းဝင်ရောက်လာသော မော်ဒယ်လ်မြင့်ကားများတွင် ကားဘီးများ၏ အခြေအနေကို သတိပေးသော ဆင်ဆာများပါရှိလာကြောင်း သိရသည်။ ဘီအမ်ဒဗလျူနှင့် မာစီးဒီး(စ်)ကဲ့သို့ ကားများတွင်ပါရှိလာပြီး ဘီးတွင်ဖြစ်ပေါ်သောအရာများအတွက် ဒတ်ရှ်ဘုတ်ပေါ်တွင် Error ပြသည့် စနစ်များပါလာကြောင်း သိရသည်။

လေနည်း၍သော်လည်းကောင်း များ၍သော်လည်းကောင်း တစ်စုံတခုဖြစ်ပါက အချက်ပြစနစ်ဖြင့် ပြသသည့်အတွက် မောင်းနှင်သူမှဘီးများတွင် ဖြစ်တတ်သည့်အရာများကို အလွယ်တကူဖြင့် သိရှိနိုင်ကြောင်း ကားတာယာနှင့်အရောင်းဆိုင် မန်နေဂျာတစ်ဦးမှ ပြောပြသည်။ ထိုကဲ့သို့ ဆင်ဆာများ ပါရှိသည့်အတွက် မိမိ၏ကားဘီးတွင်ဖြစ်ပေါ်သည့်အရာကို အမြန်ဆုံးနှင့်အထိရောက်ဆုံး ကာကွယ်ပေးနိုင်ကာ မောင်းနှင်သူများအနေဖြင့် ထိုဆင်ဆာစနစ်ကို အမြဲဂရုစိုက်ရန်လိုအပ်ကြောင်း ပြောပြသည်။

“ ကားဘီး တစ်ဖက်နဲ့တစ်ဖက် လေတွေမညီရင်လည်း Error ပြတယ်။ လေမညီတာကို ညီအောင်လိုက်ဖြည့်ရင် Error ပျောက်သွားတယ်။ အဲဒီတော့ ကိုယ့်ကားဘီးမှာ ဘာဖြစ်တယ်ဆိုတာ ဆင်ဆာစနစ်ပါတဲ့အတွက် သိနိုင်ပြီး ပြင်ဆင်လို့ရတာပေါ့” ဟု ရှင်းပြသည်။

ထိုဆင်ဆာပါရှိသော ကားဘီးများမှာ ရှေ့ နောက်မှားယွင်းတပ်ဆင်၍မရဘဲ သူ့နေရာနှင့်သူ ဂရုတစိုက် တပ်ဆင်ရန်လိုအပ်ပြီး တတ်ကျွမ်းသူ နှင့် ဖြုတ်/တပ် လုပ်ဖို့ လိုအပ်ကြောင်း သိရသည်။ ကွန်ပျူတာစနစ်များနှင့် အခြေခံကာ တည်ဆောက်ထားသည့်အတွက် ဆားကစ်များ ထိမိသွားပါက စနစ်များကို ထိခိုက်မိနိုင်ကြောင်း သိရသည်။ ဆင်ဆာများ ပါရှိလာသည့်အတွက် ကားမောင်းနှင်ရာတွင် လုံခြုံမှုများရှိလာစေပြီး ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေများတွင် Error ပြသသည့်အချက်ကို ကြည့်ကာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မော်ဒယ်လ်မြင့်ကားများတွင် ကားဘီးများအတွက် ဆင်ဆာများသာကမဘဲ တခြားအစိတ်အပိုင်းများအတွက် Error ပြသသော ဆင်ဆာ စနစ်များပါရှိလာကာ ကွန်ပျူတာစနစ်ကိုအခြေခံ၍ တည်ဆောက်ထားကြောင်း သိရသည်။

Ref : **This article is provided by Auto World Journal.
News of Myanmar