မန္တလေးမှ လက်ပံတောင်းထိ လမ်းလျှောက် ဆန္ဒပြသူများ ဧရာဝတီတံတား (ရတနာပုံ) တွင် တားဆီးခံရ

ပို့စ်တင်ချိန် - 9/30/2013 06:23:00 PM




မန္တလေး၊ စက်တင်ဘာ ၂၉

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာနယ်မြေ အတွင်းရှိ လယ်တီ ဆရာတော်ဘုရားကြီး တည်ဆောက်ခဲ့သော သိမ်တော်နှင့် စေတီတော်တို့ကို မဖျက်ဆီးစေရန်အတွက် ရန်ကုန်နှင့် မုံရွာမြို့ အခြေစိုက် ဖွဲ့စည်းထားသည့် လက်ပံတောင်း အရပ်ရှိ လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစု အဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့မှ လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ရာ ဧရာဝတီတံတား (ရတနာပုံ) အနီးတွင် လုံခြုံရေး ရဲများ၏ တားဆီးခြင်း ခံခဲ့ရကြောင်း မန္တလေးမြိုခံ သတင်းထောက်များက ပြောကြားသည်။

အမရပူရမြို့နယ် ကပ်ကျော်ဘုရားမှ စတင်ကာ လမ်းလျှောက်ခြင်းကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ဘဲ တားမြစ်ခဲ့ပြီး အမရပူရမြို့နယ်အထွက် ဧရာဝတီတံတား (ရတနာပုံ) အနီးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း လမ်းလျှောက်သူများ အဖွဲ့ကို သံဆူးကြိုးများဖြင့် ထပ်မံစည်းချ တားဆီးခဲ့ကြောင်း၊ ယင်းနောက် လမ်းလျှောက် သူများထဲတွင် ပါဝင်သူ နှစ်ဦးကို အချုပ်ကားပေါ်သို့ ဖမ်းခေါ် သွားခဲ့သော်လည်း နှစ်ဦးနှစ်ဖက် အချေအတင် ပြန်လည် ဆွေးနွေးခဲ့ရာ ၁၀ မိနစ်ခန့် အကြာတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဆန္ဒထုတ်ဖော် လမ်းလျှောက်သော အဖွဲ့ကို ဦးဆောင်သူ တစ်ဦးဖြစ်သော ဦးစည်သူက ပြောကြားသည်။
“ခွင့်ပြုမိန့် မတင်ထားလို့ တားရတာပါ။ ခွင့်ပြုချက်နဲ့ဆိုရင် ကျွန်တော်တို့က လိုက်တောင် စောင့်ရှောက် ဦးမှာပါ” ဟု အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေပိုက ပြောကြားသည်။

ယင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးဘက်ခြမ်းရှိ ရထားခုံးကျော်တံတား အနီးတွင် လုံခြုံရေး အဖွဲ့များနှင့် ညှိနှိုင်း ပြေလည်မှု ရရှိခဲ့ပြီး ဆက်လက် ထွက်ခွာခဲ့ရာ ညနေ ၅ နာရီတွင် စစ်ကိုင်း ကောင်းမှုတော်ဘုရားအနီး သို့မဟုတ် ဘုရားနီ ဘုရားအနီးတွင် ယခုညအိပ်ပြီးနောက် စက်တင်ဘာ ၃၀ ရက်နေ့ နံနက်တွင် မုံရွာသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစုအဖွဲ့မှ သိရသည်။
“ကျွန်တော်တို့ကတော့ ဒီလယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်နဲ့ စေတီကို မဖျက်ဆီးစေဖို့ လက်ပံတောင်းတောင်မှာရှိတဲ့ ဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီ တူးဖော်ရေး စီမံကိန်း နယ်မြေအထိ လမ်းလျှောက်သွားကြမှာပါ။

ကျွန်တော်တို့ ဖြတ်သွားရာ ဒေသက ပြည်သူတွေကပါ ကျွန်တော်တို့ သဘောထား၊ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ဟာကို သိရှိသွားကြမှာ ဖြစ်ပါတယ်” ဟု ၎င်းအဖွဲ့ကို ဦးဆောင်သူ ဦးစည်သူက ပြောကြားသည်။

လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစုအဖွဲ့သည် အဖွဲ့၏ ခရီးမစတင်မီ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်မုခ်အနီးရှိ ဓမ္မိကာရာမ ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီးနောက် ၄၀ ဦး ကျော်ခန့်ပါသော အဖွဲ့ဖြင့် လက်ပံတောင်းတောင်သို့ လမ်းလျောက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။
The Voice Weekly