အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ချီတက်ပွဲကျင်းပဖို့ စီစဉ်

ပို့စ်တင်ချိန် - 9/18/2013 03:36:00 PM




လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ကျင်းပမှာဖြစ်သလို မြို့တော်ခန်းမ ရှေ့ကနေ ပြည်သူ့ဥယျာဉ်အထိ လမ်းလျှောက်ချီတက်ပွဲလည်း ကျင်းပမယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။

ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အပစ်ရပ်အဖွဲ့အစည်းတွေသင့်မြတ်ရေးနဲ့ ပြည်သူတွေ ကြားထဲ ပဋိပက္ခတွေနည်း သွားရေးအတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူ တစ်ဦးဖြစ်တဲ့ ကိုသက်ဇော်ဝင်းက ပြောပါတယ်။

“ဒီနှစ်အတွက် အစီအစဉ်နှစ်ခုခင်ဗျ၊ တစ်နိုင်ငံလုံး ပြန်လည်သင့်မြတ်ဖို့ရာရယ်၊ လွတ်လပ်ငြိမ်းချမ်း မျှတလမ်း မတူလက်များတွဲကြဖို့ ဆိုတာရယ် နှစ်ခုခင်ဗျ၊ တစ်နိုင်ငံလုံး ပြန်လည်သင့်မြတ်ဖို့က အစိုးရနဲ့ တခြား ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေတဲ့ အဖွဲ့အစည်းတွေကို ရည်ရွယ်ပါတယ်၊ နောက်ထပ်တစ်ခုက ပြည်သူတွေကို ရည်ရွယ်ပါတယ်၊ ပြည်သူတွေအချင်းချင်းထဲမှာ မယုံသင်္ကာမှုတွေ၊ မယုံကြည်မှုတွေ၊ ပြည်သူထဲမှာဖြစ်နေတဲ့ ပဋိပက္ခတွေက ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်ရဲ့ဒီမိုကရေစီဖြစ်စဉ်အတွက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက်ကြောင့်မို့ ပြည်သူတွေအားလုံး ဒီမိုကရေစီဖြစ်စဉ်အတွက်ကို အထောက်အကူပြုစေဖို့ မတူလက်တွေတွဲပြီးတော့ ကျနော်တို့လုပ်ထားပါတယ်”

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ပြည်သူဥယျာဉ်မှာ ကျင်းပနိုင်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ဒီနေ့ ညှိနှိုင်းခဲ့တယ်လို့ ပြောပါတယ်။

မနှစ်တုန်းက အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်လမ်းလျှောက်ပွဲအတွင်း ဦးဆောင်ခဲ့သူ ၉ ဦးကို သက်ဆိုင်ရာ မြို့နယ်တွေအလိုက် ခွင့်ပြုချက်မယူပဲစီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အခုချိန်ထိ အမှုဖွင့်တရားစွဲဆိုထားဆဲဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်၊ မော်လမြိုင်မြို့တွေအပြင် စစ်ဘေးဒုက္ခသည် စခန်းတွေဖွင့်လှစ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာလည်း ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
RFA Burmese