ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးနေရ

ပို့စ်တင်ချိန် - 9/05/2013 09:04:00 AM


ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း အစိုးရတပ်မတော် ခလရ ၁၃၇ နဲ့ ကေအိုင်အေတို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၆၅ ယောက်ဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုမရှိပေမဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအခြေအနေမှာတော့ တည်ငြိမ်နေပြီလို့ မချမ်းဘောမြို့ခံတစ်ဦးက ဒီကနေ့ RFAကို ပြောပြပါတယ်။

လောလောဆယ်မှာ လုံခြုံရေးအခြေအနေအရ တိုက်ပွဲဖြစ်ပွားတဲ အဲ့ဒီရွာနားတစ်ဝိုက်ကို သွားလာလို့မရသေးပေမဲ့ ပူတာအိုနဲ့ မချမ်းဘောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ကူညီမှုတွေပေးနေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် သြဂုတ်လ ၁၇ ရက်နေ့တုန်းက ပန်ဝါဒေသမှာတစ်ကြိမ်၊ သြဂုတ်လ၂၈ ရက်နေ့တုန်းက မချမ်းဘောဒေသဘက်မှာတစ်ကြိမ် အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
RFA Burmese