မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း ဟစ်ဟော့ပါတီ ရှိုးပွဲအား လူငယ်အများအပြား တက်ရောက်အားပေး

ပို့စ်တင်ချိန် - 9/02/2013 08:53:00 AM


ယမန်နေ့က ပြုလုပ်သော ဟစ်ဟော့ပါတီ ရှိုးပွဲတွင် အဆိုတော် မိစန္ဒီ ဖျော်ဖြေနေစဉ်
ယခုလက်ရှိ နာမည်ကျော်ကြားနေသော ဟစ်ဟော့အဆိုတော်များနှင့် အခြားသော တေးသံရှင် အများအပြား ပါဝင်သော ဟစ်ဟော့ပါတီ ရှိုးပွဲအား မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် စက်တင်ဘာ ၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဆယ်ကျော်သက် လူငယ်အများအပြား အားပေးခဲ့သည်။ အဆိုပါ ဟစ်ဟော့ပါတီရှိုးပွဲ စတင်ကျင်းပချိန်တွင် မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း MCC ခန်းမအပြည့် ပရိသတ်များ တက်ရောက်အားပေး ခဲ့ကြသည်။
ဟစ်ဟော့ရှိုးပွဲအဖွင့် စတင်ဖျော်ဖြေမှုကို ဟစ်ဟော့အဆိုတော်များ ဖြစ်ကြသည့် ကျော်ထွဋ်ဆွေ၊ မိစန္ဒီ၊ သားသား၊ နိုင်းဝမ်း၊ ရဲရင့်အောင်၊ အိုင်ရင်းဇင်မာမြင့်၊ ယုန်လေးတို့က ၎င်းတို့၏ ကိုယ်ပိုင်သီချင်းများကို အခြားသော အဆိုတော်များဖြင့် တွဲဖက်ကာ လူငယ်များအကြိုက် ဖျော်ဖြေပေးခဲ့ကြသည်။
ဆက်လက်ပြီး စန္ဒီမြင့်လွင်၊ ဂျောက်ဂျက်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ Snare၊ လွှမ်းပိုင်၊ Bobby Soxer တို့က လက်ရှိလူငယ်များအကြား ရေပန်းစားလျက်ရှိသော တေးသီချင်းများဖြင့် နောင်ခံအက အဖွဲ့များ၏ တင်ဆက်မှုများနှင့်အတူ စည်းချက်ညီညီ ဖျော်ဖြေခဲ့သည်။
ဖျော်ဖြေပွဲ၌ ဟစ်ဟော့ရှိုးပွဲတွင် ပါဝင်နေကျ အဆိုတော် အများအပြား ပါဝင်ခဲ့ကြပြီး အဆိုတော်များက တွဲဖက်သီဆိုမှုများဖြင့် နှစ်ကျော့စီ သီဆိုခဲ့ကြသည်။
ဟစ်ဟော့ပါတီ ရှိုးပွဲတွင် လူငယ်များ အများစု လာရောက်ကြခြင်း ဖြစ်သောကြောင့် ရန်ပွဲအချို့ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ နေ့လယ်ပိုင်းတွင် ကျင်းပသော ဟစ်ဟော့ပါတီရှိုးပွဲသည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်သည်။

Eleven