ရန်ကုန်မြို့တွင်း လမ်းပေါင်း ၂၆ လမ်းတွင် ယာဉ်မရပ်ရန် သတိပေး

ပို့စ်တင်ချိန် - 9/13/2013 11:47:00 AM

ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပေါ်လာပြီး ယာဉ်မတော်တဆမှုများ ပိုမိုများပြားလာသော ရန်ကုန်မြို့တော်တွင် ခြောက်လမ်းသွား လမ်းကြီးများ အပါအဝင် လမ်းပေါင်း ၂၆ လမ်းတွင် ယာဉ်မရပ်ရန် သတိပေး နှိုးဆော်ချက်ကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်လိုက်သည်။

ခရီးသည်တင်ယာဉ်များသည် အဆိုပါ လမ်း ၂၆ လမ်းရှိ မှတ်တိုင်များတွင် ခရီးသည်များကို ရပ်၊ ချ၊ တင်၊ ထွက်စနစ် ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်ယာဉ်မျှ ရပ်နားခြင်း မပြုကြရန် ယင်းနှိုးဆော်ချက်က ဆိုသည်။

ပြည်လမ်း၊ ဘုရင့်နောင်လမ်း၊ ဗဟိုလမ်း၊ လေးထောင့်ကန်လမ်း၊ သုဓမ္မာလမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကမ်းနားလမ်း၊ အင်းစိန်လမ်း၊ ဗညားဒလလမ်း၊ အရှေ့/အနောက် ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ သံသုမာလမ်း၊ ကုန်သည်လမ်း၊ အနော်ရထာလမ်း၊ အင်းလျားလမ်း၊ ဗားကရာလမ်း၊ လှည်းတန်းလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ မင်းနန္ဒာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဓမ္မစေတီလမ်း၊ သမိုင်းဘူတာရုံလမ်းနှင့် အောက်ပုဇွန်တောင်လမ်းတို့တွင် ယာဉ်များစည်းကမ်းမဲ့ ရပ်နားခြင်း မပြုဘဲ လိုက်နာဆောင်ရွက် ရမည် ဖြစ်ကြောင်း အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသည်။

ယာဉ်ကြောရှုပ်ထွေးသည့် နေရာတွင် ဖြူနီကျားတားရန် လိုကြောင်း၊ ယာဉ်များစည်းကမ်းမဲ့ မရပ်နားစေရန် သက်ဆိုင်ရာမှ ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ ယခုထုတ်ပြန်ချက်တွင် မည်သို့ အရေးယူ ဆောင်ရွက်သွားမည် ဆိုသည့်ကိစ္စ မပါရှိကြောင်း အင်းစိန်မြို့မှ အဆိုပါလမ်း အချို့ကို ဖြတ်သန်းကာ မြို့ထဲသို့နေ့စဉ် ကားမောင်းနှင် သွားလာလေ့ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အခုဆို ယာဉ်မောင်းအားလုံးထဲက ၈၀ ရာခိုင်နှုန်းလောက်က ယာဉ်စည်းကမ်းလမ်းစည်းကမ်း မသိလို့ စည်းကမ်းဖောက်ကြတာများတယ်။ ယာဉ်မောင်းတွေကို အသိဉာဏ်ရှိအောင်၊ စည်းကမ်းသိအောင် ပညာပေးလုပ်ငန်းတွေ အများကြီးလုပ်ပေးဖို့ လိုတယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

ခရီးသည်တင် ယာဉ်များကိုလည်း လမ်းမများပေါ်တွင် ညအိပ်ရပ်နားခြင်း မပြုစေဘဲ နီးစပ်သည့် ယာဉ်ရပ်နားစခန်းများတွင် ညအိပ်ရပ်နားနိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ရန်လည်း သတိပေးချက်က ဆိုသည်။
The Voice Weekly