နယူးယောက်မြို့သားတစ်ဦး နေအိမ်တွင် မြွေအကောင် ၈၅၀ မွေးထား

ပို့စ်တင်ချိန် - 9/23/2013 08:58:00 AM



အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော် အပိုင်ရှာလီ မြို့သားတစ်ဦးဟာ သူ့အိမ်မှာ အဆိပ်ပြင်းမြွေတွေ အပါအဝင် မြွေအကောင် ၈၅၀ ကို မွေးထားတယ်လို့ သူ့အိမ်ကို ဝင်ပြီး စီးနင်း ရှာဖွေတဲ့ အာဏာပိုင်တွေက ဒေသခံ သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။
သူမွေးထားတဲ့ မြွေတွေထဲမှာ တရားဥပဒေအရ ခွင့်ပြုမထားတဲ့ ၆ ပေရှည်တဲ့ မြန်မာစပါးအုံး အမျိုးအစား မြွေနှစ်ကောင်လည်း ပါတယ်လို့ ဒီသတင်းအရ သိရပါတယ်။

ဒီလိုမြွေတွေကို အစုလိုက် အပြုံလိုက် အိမ်မှာ သိုလှောင်ထားတဲ့သူဟာ တိရစ္ဆာန် ထိန်းသိမ်းရေး အရာရှိတစ်ယောက် ဖြစ်ပါတယ်။

သူ့ကို ရဲက တရားမဝင်မြွေများ သိုလှောင်ထားမှု၊ ခွင့်ပြုချက်မရှိသည့် စီးပွားရေး လုပ်ဆောင်မှုတို့နဲ့ တရားစွဲမယ်လို့လည်း သတင်းက ဆိုပါတယ်။

စပါးအုံးမြွေတွေကို တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာတွေကို ပို့မှာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးက အတည်ပြုပေးပေမယ့် တခြားမြွေတွေကိုတော့ ဘယ်လိုစီမံမယ်ဆိုတာ မသိရသေးပါဘူး။

ရဲတွေက ဒီလိုဝင်ရောက် ရှာဖွေစစ် ဆေးမှုကို တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးအဖွဲ့ (SPCA) အတွက် လုပ်ဆောင်ပေးခဲ့တာလို့ ဒေသ ရဲစခန်းက သတင်းထုတ်ပြန်ပါတယ်။
The Voice Weekly