အော်ပရေတာလုပ်ငန်း၌ ဒေါ်လာ ၁ ဘီလီယံကို ရတနာပုံတယ်လီပို့ အသုံးပြုမည်

ပို့စ်တင်ချိန် - 9/24/2013 06:18:00 PM

ရတနာပုံတယ်လီပို့ကုမ္ပဏီသည် ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလည်ပတ်ရန် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအသုံးပြုသွားမည်ဟု ခန့်မှန်းထားကြောင်း ကုမ္ပဏီ CEO ဦးတင်ဝင်းက ပြောသည်။     “အော်ပရေတာလုပ်မယ်ဆိုရင် ဒီလောက်တော့ကုန်မှာပဲ။ ဒီအတွက်လည်း Funding တွေရှာရဦးမယ်” ဟု ဦးတင်ဝင်းက ဆိုသည်။ လက်ရှိအချိန်၌ ရတနာပုံတယ်လီပို့သည် ၎င်းတို့၏ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း၌ Vendor အဖြစ် ပူးပေါင်းလုပ်ကိုင်မည့်သူများကို ရွေးချယ်ရန် စီစဉ်နေကြောင်း ထုတ်ပြန်သည်။     အော်ပရေတာအဖြစ် ရွေးချယ်ထားသော Telenor (နော်ဝေ) သည် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Ooredoo (ကာတာ) သည် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၁၅ မီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု အင်တာနက်သတင်းများ၌ ဖော်ပြထားသည်။     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့သည် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ရန် ယခင်ကတည်းက လျာထားသတ်မှတ်ခြင်း ခံခဲ့ရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂ နှစ်တာအတွင်း အစိုးရပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းလျှော့ချသွားမည်ဖြစ်ပြီး ရတနာပုံတယ်လီပို့ကုမ္ပဏီသည် ရက်ပေါင်း ၆၀ အတွင်း အများပိုင်ပြောင်းလဲ သွားမည်ဟု ပြောဆိုထားသည်။     ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်နိုင်ရန် အများပိုင်အဖြစ် ပြောင်းလဲနေသည့် ရတနာပုံတယ်လီပို့ကုမ္ပဏီထံမှ အစိုးရအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သော အစုရှယ်ယာ (၅၁ ရာခိုင်နှုန်း) များကို ထုတ်ယူသွားမည်ဖြစ်ပြီး ရှယ်ယာ ၅ ရာခိုင်နှုန်းခန့်သာ ဆက်လက်ထားရှိသွားမည်ဟု ထုတ်ပြန်ခဲ့ဖူးသည်။     “ရတနာပုံတယ်လီပို့ကို အများပိုင်ပြောင်းပြီ Certificate ကို စောင့်နေတာ။ တန်ဖိုးတွေ ပြန်သတ်မှတ်ရမယ်။ ပြီးရင် ရှယ်ယာရောင်းမယ်။ ချက်ချင်းကြီးတော့ မဟုတ်သေးဘူးဟု” ဦးတင်ဝင်းက ကုမ္ပဏီအများပိုင် ပြောင်းလဲသည့် အခြေအနေကို ပြောသည်။ လက်ရှိအချိန်၌ ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ရန် အစိုးရအနေဖြင့် ရွေးချယ်သတ်မှတ်ထားပြီးဖြစ်သော်လည်း မည်သူ့ကိုမှ လိုင်စင်ချထားပေးခြင်း မရှိသေးကြောင်းသိရသည်။  မြင့်ကျော်လှိုင်

အင်တာနက်ဂျာနယ်