ဆင်းရဲနွမ်းပါး မူလတန်းကျောင်းများမှ ကလေးများကို စဉ်ဆက်မပြတ် အာဟာရတိုက်ကျွေးပေးရန် အဆိုလွှတ်တော်တွင် ရှုံးနိမ့်

ပို့စ်တင်ချိန် - 9/26/2013 08:38:00 AM




ဆင်းရဲနွမ်းပါးမှု လျှော့ချရေးရန်ပုံငွေမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ဆင်းရဲနွမ်းပါးသော မူလတန်းကျောင်းများမှ ကလေးသူငယ်များကို စဉ်ဆက်မပြတ် အာဟာရတိုက်ကျွေးပေးရန် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညို သင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ရာ အဆို ရှုံးနိမ့်ခဲ့သည်။

''ကျွန်မတို့ရဲ့သားသမီး၊ ကျွန်မတို့ရဲ့တပည့်တွေကို တစ်နေ့ကို ထမင်းတစ်နပ်ပဲ ကျွေးနိုင်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ကျွန်မတို့ မနေ့တစ်နေ့ကပဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ဖြည့်စွက် ခွင့်ပြုငွေစာရင်းကို အတည်ပြုပေးခဲ့ပါတယ်။ အားလုံး အကြိတ်အနယ် ဆွေးနွေးခဲ့ကြတဲ့ အတိုင်းပဲ။ အရှေ့ပိုင်းခရိုင် တရားရုံးနဲ့ အနောက်ပိုင်းခရိုင် တရားရုံးတို့အတွက်ကို တစ်ရုံးကို သန်း ၅၀၀၀ အဲဒီမှာ ခွင့်ပြုထားပါတယ်။ အဲဒီလိုကာလမှာ ကျွန်မတို့ကလေးတွေအတွက်ကို တိုးတက် ဖွံ့ဖြိုးရေးကို လှည့်မကြည့်သင့်ဘူးလား။ ကျွန်မတို့ရဲ့ ကလေးတွေဟာ ဗလငါးတန် ဖွံ့ဖြိုးမှုမှာ အိမ်နီးချင်းတွေနဲ့ မယှဉ်နိုင်အောင် အဘက်ဘက်က အားနည်းနေတာကို တွေ့ရပါတယ်။ ဒီကလေးတွေရဲ့ လက်ထဲမှာ အနာဂတ် မြန်မာနိုင်ငံတော်ကို ထည့်ထားရကြောင်း၊ ထို့ကြောင့် အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ အနာဂတ်ဟာ ရင်လေးစရာကောင်းပါတယ်''ဟု ဒေါက်တာညိုညိုသင်း က ထည့်သွင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေနေရာကို ကားပါကင်လုပ်ရန်အတွက် ကုမ္ပဏီတစ်ခုကို ငှားရမ်းထားမှုမှ တစ်လ ငှားရမ်းခ ကျပ်သိန်း ၃၁၀ ရရှိခြင်းကြောင့် အဆိုပါငွေနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် ဆင်းရဲနွမ်းပါးသည့် ကျောင်းများမှ ကလေးများအား အနိမ့်ဆုံး နွားနို့တိုက်သည့် အစီအစဉ်များ ရှိသင့်ကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

''ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ရာနီးပါးရှိပြီး ကျောင်သား/သူ ၅၀၀၀၀ ကျော်ရှိပါတယ်။ အခြေခံပညာ မူလတန်းများအနေဖြင့် ကျောင်းပေါင်း ၂၁၂၅ ကျောင်း နှင့် ကျောင်းသား ဦးရေ ၅၄၅၃၅၄ ဦး ရှိပါ တယ်။ ကျောင်းသားထဲမှ ၅၀၀၀၀၀ ခန့်ကို ပဲတစ်ရက်လျှင် နှစ်ရာနှုန်းဖြင့် ကျွေးမည်ဆိုပါက တစ်နေ့ကုန်ကျငွေ သိန်းတစ်ထောင်ခန့် ရှိပါတယ်။ စဉ်ဆက်မပျက် နေ့စဉ်တိုက်ကျွေးမည်ဆိုလျှင် တစ်နှစ်ကုန်ကျငွေ အကြမ်းအားဖြင့် ကျပ်သိန်းပေါင်းနှစ်သိန်းခန့် ကုန်ကျမည် ဖြစ်ပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ခွဲဝေချထားသည့် ကျပ်သန်း တစ်ထောင်မှ ခွဲဝေကျွေးနိုင်ဖို့ ဆိုတာအတော့်ကို စဉ်းစားရတဲ့ ကိစ္စဖြစ်ပါတယ်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနဲ့ ဆင်းရဲသော မူလတန်းကျောင်းများမှ ကလေးများအား အဆက်မပြတ် အာဟာရတိုက်ကျွေးခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးနိုင်ရန် မဖြစ်နိုင်သေးပါကြောင်း တင်ပြအပ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

ယင်းအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်အများစု ကန့်ကွက်ခဲ့သဖြင့် လွှတ်တော်က အတည်မပြုဘဲ ရှုံးနိမ့်ခဲ့ရသည်။

(ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတစ်ခုတွင် ပညာသင်ကြားနေသော ကလေးငယ်များအားတွေ့ရစဉ်)
Eleven Media Group