ဆေးရုံတွင် စစ်ဆေးပြီးနောက် နှစ်တန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း အမှုဖွင့်

ပို့စ်တင်ချိန် - 9/26/2013 08:11:00 PM



ဇော်ဇော်ထွေး
နှစ်တန်းကျောင်းသူတစ်ဦးကို ဆေးရုံသို့ ပြသခဲ့ရာတွင် အဓမ္မပြုကျင့်ခြင်းခံထားရကြောင်း မှတ်ချက်ပေးခဲ့သဖြင့် ပြစ်မှု ကျူးလွန်သူအား အရေးယူပေးရန် အဖွားဖြစ်သူက စက်တင်ဘာ ၂၄ ရက်တွင် ဒဂုံဆိပ်ကမ်းရဲစခန်း၌ အမှုဖွင့် တိုင်တန်းထားသည်။

အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ်နေသော အဓမ္မပြုကျင့်ခံရသည်ဟုဆိုသော ကလေးငယ်၏ အဖွားတော်စပ်သူ ဒေါ်---- (၆၀)နှစ်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

စက်တင်ဘာ ၁၈ ရက် ည ၉ နာရီအချိန်က သူမ၏ မြေးဖြစ်သူ မ-----(၈)နှစ်၊ ဒုတိယတန်း (-----၊ ဒဂုံတောင်) ၏ မိန်းမကိုယ်တွင် သွေးများ ထွက်နေသည်ကို တွေ့ရှိခဲ့ရ၍ “မျှော့” ကောင်ဝင်နေသည်ဟု ထင်မြင်မိခဲ့သည်ဟုလည်း အဖွားဖြစ်သူက ရဲအားပြောပြထားသည်။

ထို့ကြောင့်ပင် ကလေးငယ်အား သင်္ဃန်းကျွန်း စံပြဆေးရုံမှတစ် ဆင့် မြောက်ဥက္ကလာ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာတွင် မြေးဖြစ်သူမှာ အဓမ္မပြုကျင့်ခြင်းခံထားရသည်ကို သိရှိခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် မြေးငယ်ဖြစ်သူအား မေးမြန်းရာတွင် စက်တင်ဘာ ၁၈ ရက်ညဦးပိုင်း အချိန်က အိမ်နီးချင်းဖြစ်သူ မောင်----- (၁၅) နှစ်က လမ်းအတွင်းရှိ လူမနေသော အဆောက်အအုံအတွင်းသို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြထားသည်ဟုလည်း အဖွားဖြစ်သူက အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။

ယင်းကြောင့် မြေးငယ်ဖြစ်သူအာ အဓမ္မပြုကျင့်ခဲ့သူ မောင်------(၁၅)နှစ် အား အရေးယူပေးရန် စက်တင်ဘာ ၂၄ ရက်တွင် စွပ်စွဲ အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုသည်။

ယင်းတိုင်တန်းမှုကို ဒဂုံဆိပ်ကမ်းရဲစခန်းက (ပ) ၃၂၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထားရသူအား ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှား ပါကလည်း ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ပို့မည်ဟု တိုင်းရဲဌာနမှ သိရသည်။

Posted From Mizzima - News in Burmese