မြန်မာနိုင်ငံဟာ ထိပ်ဆုံးရောက်ရမယ်

ပို့စ်တင်ချိန် - 9/16/2013 08:53:00 AM


အခုနေ မြန်မာနိုင်ငံဟာ ထိပ်ဆုံးရောက်ရမယ်လို့ပြောရင် လူအတော်များများက ပျက်ရယ်ပြုမှာသေချာပါတယ်။ တစ်ချို့ကလည်း ပြောပါလိမ့်မယ်။ ထိပ်ဆုံးဆိုတာ ဘယ်လိုဟာမျိုးတုန်း ဆိုတာမျိုးပေါ့။ ကျွန်တော်သေသေချာချာ ပြောရဲပါတယ်။ အခုအခြေအနေမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတာက သဘောထားကွဲလွဲမှုတွေ၊ ၀ါဒရေးရာ ပဋိပက္ခတွေ၊ စားခွက်လုမှုတွေ၊ အခွင်းအလမ်းကို ချောင်းနေတဲ့ အခွင့်အရေးသမားတွေ၊ ကြောင်သူတော်တွေ၊ နေရာတကာမှာ နေရာယူပြီး အများအကျိုးဆို ဘာတစ်ခုမှ မလုပ်တဲ့ စောင့်ရူးတွေ၊ အသက်ကြီးပြီး အတိတ်က စောင့်သုံးမကျတဲ့ဟာတွေသာ ပြောနေသူတွေ၊၊ ဘုမသိဘမသိတွေ၊ အလိုလိုနေရင်းစိတ်ကြီးဝင်နေသူတွေ၊ ဘာလုပ်ရမယ်ဆိုတာကို သိမဲ့သူတွေ၊ လူပျင်းတွေ၊ လမ်းပျောက်နေသူတွေ၊ လမ်းတွေ့ပြီး ဖြောင့်ဖြောင့်မတ်မတ်လျှောက်နေသူတွေ၊ သူတော်ကောင်းတွေ၊ ပြည့်တံဆာတွေ၊ ကလေးတွေရဲ့ အယူအဆ၊ ထင်မြင်ယူဆချက်တွေကို ထင်ထင်ရှားရှားတွေ့မြင်လာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုမျိုး Technology ဟာ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကအထိ မဖွံ့ဖြိုးသေးပါဘူး။ ဒီခောတ်မှာ လူလာဖြစ်ရသူတွေဟာ ဒီ Information Technology တွေကို ထိတွေ့ခံစားခွင့်ရလာတာပေါ့။

လွန်ခဲ့တဲ့ (၃) နှစ်လောက်ထိ မြန်မာနိုင်ငံဆိုတာက အမှောင်ထုနဲ့ ကျဉ်းမြောင်းလွန်းတဲ့ ဘောင်ခတ်ထားတဲ့နေရာဖြစ်ခဲ့တယ်။ Information Technology ကိုလည်း ပိတ်ပင်ထားသလို၊ ပြင်ပလောက ကမ္ဘာနဲ့ သီးခြားနေထိုင်နေခဲ့တဲ့ နေရာတစ်ခုဖြစ်နေခဲ့တယ်။ လူသားတွေဟာ ပြင်ပလောက မိတ်ဆွေများ၊ အသိအမြင်များ၊ အယူအဆများ၊ လုပ်ထုံးလုပ်နည်းများ၊ ယဉ်ကျေးမှုများနဲ့အလွန်အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ ကျဉ်းမြောင်းပြီး အောက်တန်းကျတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွထဲမှာပဲ တစ်ဝဲလည်လည် ဖြစ်နေခဲ့တာဖြစ်တယ်။ ဒီလိုမျိုးတွေးခေါ်၊ ယူဆခဲ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ရလာဒ်တွေကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငွေရရင်ပြီးပြီ။ ငွေရပြီးရင် အေးအေးဆေးဆေးဇိမ်နဲ့နေမယ်။ ရာထူးရအောင်ကျိုးစားမယ်။ ရာထူးရရင် တိုက်ဆောက်ကားစီးနိုင်အောင်လုပ်မယ်။ ရပ်ကွက်ထဲက သူတွေ လေးစားအောင်နေမယ်။ ဘယ်သူသေသေ ကိုယ်နဲ့မဆိုင်ဘူး။ ရတုန်း လုထားမှရမယ်။ အတင်းတိုးဝှေ့ယူမှရမယ်။ မလည်ရင်တော့ခံသွားရမယ်။ အရင်ဦးအောင် နေရာယူရမယ်။ အစရှိတဲ့ အတွေးအခေါ်အယူအဆတွေနဲ့ သံမှိုနှက်သလိုစွဲမြဲလာခဲ့တဲ့ လူ့အသိုင်းအ၀ိုင်းဖြစ်ပါတယ်။

ဒါပေမဲ့ အခုပြောင်းလည်းသွားပြီ။ မြန်မာနိုင်ငံရဲ့ Internet Connection ဟာ ဒီကမ္ဘာပေါ်မှာ အစုတ်ချာဆုံးဖြစ်သော်လည်း၊ သန်းခေါင်အချိန်လောက်မှာတော့ Download လုပ်နိုင်ပြီ။ Email နဲ့ Social network တွေကို များများ သုံးလာနိုင်ပြီ။ မှားယွင်းမှုတွေ၊ ဖေါက်ပြန်မှုတွေ၊ လာဘ်စားမှုတွေ၊ ရက်စက်မှုတွေ ကို ပွင့်ပွင့်လင်းလင်းမြင်တွေ့လာနိုင်တဲ့အခြေအနေဖြစ်နေပြီ။ ကျွန်တော် သေသေချာချာပြောရဲတယ်။ ဒါက မြန်မာလူမျိုးတွေဟာ အာရှဒေသမှာ အထက်မြက်ဆုံး လမ်းပျောက်နေသူတွေဖြစ်တယ်။ မြန်မာတွေ ထိပ်ဆုံးရောက်အောင်ဘယ်လိုလုပ်မလဲဆိုတာက မဟုတ်ကမဟတ်ကနည်းတွေရဲ့ ငွေရှာပြီး သူများတွေအထင်ကြီးအောင်လုပ်ရမှာမဟုတ်ဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်တွေမှာ ထိပ်ဆုံးရောက်လာအောင်လုပ်ကြဖို့ပဲ။ သန့်ရှင်းရေးသမားက အကောင်းဆုံးသန့်ရှင်းနိုင်ဖို့ပဲ။ ပန်းရံကလည်း အကောင်းဆုံးအုပ်စီနိုင်ဖို့ပဲ။ ထမင်းချက်ကလည်း အကောင်းဆုံးထမင်းချက်နိုင်ဖို့ပဲ၊ ပြည့်တံဆာကလည်း အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ပဲ၊ ဆရာဝန်ကလည်း အကောင်းဆုံး ကုတတ်ဖို့ပဲ၊ အင်ဂျင်နီယာကလည်း အကောင်းဆုံးဒီဇိုင်းဆွဲပြီး စံချိန်မီဆောက်နိုင်ဖို့ပဲ။ ရှေ့နေကလည်း အကောင်းဆုံးကာကွယ်နိုင်ဖို့ပဲ။ စာရေးဆရာကလည်း အကောင်းဆုံးရေးသားကြဖို့ပဲ။ ဆိုလိုတာက ရောက်နေတဲ့နေရာမှာ တင်းတိမ်ရောင့်ရဲပြီးနေလို့မရဘူး။ ကောင်းသထက်ကောင်းအောင်ကြိုးစားနေရမယ်။ မြန်မာနိုင်ငံ နံပတ်တစ် ဖြစ်ရမယ်။

Asia Masters Hotel-Management