ပူတာအိုတွင် သေနတ်ဖြင့်ပစ်သတ်ခံရသူ ဝန်ထမ်း သဂြုင်္ိဟ်ပြီးစီး

ပို့စ်တင်ချိန် - 9/01/2013 05:42:00 PM


ကချင်ပြည်နယ် ပူတာအိုမြို့ စားသောက်ဆိုင်တစ်ခုတွင် တပ်မတော် တပ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် နားထင်ကိုတေ့၍ ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့သူ စာရင်းစစ်ဝန်ထမ်းကို သြဂုတ်လ ၂၉ ရက်နေ့တွင် သဂြုင်္ိဟ်ပြီးစီးကြောင်း မန္တလေးမြို့တွင် နေထိုင်သော သေဆုံးသူဝန်ထမ်း၏ မိသားစုဝင်တစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူ စာရင်းစစ်ဝန်ထမ်း ကိုလမင်းမောင်မောင်၏ ရုပ်ကလာပ်ကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ပူတာအိုမြို့ သုသာန်တွင် သဂြုင်္ိဟ်ပြီးဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် သေဆုံးသူမှာ မည်သည့်ရန်ငြိုးမျှ မရှိကြောင်း ၄င်းကဆိုသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ကိုလမင်းမောင်မောင်နှင့် ပူတာအို မြို့နယ် နယ်စပ်စည်ပင်မှ ဦးဝင်းထွန်းတို့သည် သြဂုတ်လ ၂၇ ရက် နေ့ည ၈ နာရီ ၂၀ မိနစ်ခန့်က ပူတာအိုမြို့ရှိ အိန်ဂျယ်စားသောက်ဆိုင်တွင် ခေါက်ဆွဲစားနေစဉ် ဒုတပ်ကြပ်ခန့်စိန်နှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ စားသောက်ဆိုင်ထဲသို့ ရောက်ရှိလာကာ အရက် ဘီယာများ သောက်နေကြရာမှ ဒုတပ်ကြပ်ခန့်စိန်မှာ အပြင်သို့ ပြန်ထွက်သွားပြီး အဖော်သုံးဦးသာ ကျန်ခဲ့ကြောင်း၊ ဆိုင်ရှင်က ည ၉ နာရီထိုး၍ ဆိုင်ပိတ်ချိန်ဖြစ်ကြောင်း ပြောသဖြင့်ဆိုင်ထဲတွင် ကျန်ရှိသော လူသုံးဦးပြန်ထွက်သွားပြီး ဦးဝင်းထွန်းနှင့် သေဆုံးသူ ကိုလမင်းမောင်မောင်တို့လည်း ပြန်မည်ပြုစဉ် ပြစ်မှုကျူးလွန်သူ ဒုတပ်ကြပ်ခန့်စိန်မှာ ပြန်လည်ရောက်ရှိလာပြီး ဆိုင်ရှင်နှင့် လမင်းမောင်မောင်တို့ကို ပြဿနာရှာကြောင်း သေဆုံးသူနှင့်အတူ ရှိသူ ဦးဝင်းထွန်းက ပြောကြားသည်။

၎င်းနှင့်ကိုလမင်းမောင်မောင်တို့ ပြန်ရန်ပြင်စဉ် ကိုလမင်းမောင်မောင်က ပြစ်မှုကျူးလွန်သူကို "အစ်ကိုရယ် ကျွန်တော်တို့ကို ဘာဖြစ်စေချင်တာလဲဗျာ" ဟု ပြောကြားပြီးနောက် ပြစ်မှုကျူးလွန် သူ ဒုတပ်ကြပ်ခန့်စိန်သည် ကိုလမင်းမောင်မောင် နားထင်ကို ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဦးဝင်းထွန်းက ထပ်မံပြောကြားသည်။

ပြစ်မှုကျူးလွန်သူ ဒုတပ်ကြပ်ခန့်စိန်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၆၆၆) တပ်ထိန်းတပ်ခွဲမှ ဒုတိယတပ်ကြပ် ဖြစ်ပြီး ၄င်းကို ပူတာအို ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အရေးယူထားသကဲ့သို့ တပ်မတော်စည်းကမ်း အရပါ အရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဒီမင်ရမ်က The Voice သို့ ပြောကြားသည်။

သေဆုံးသူ လမင်းမောင်မောင်မိသားစုသည် မန္တလေးမြို့ ဒေါနဘွားရပ်ကွက်တွင် နေထိုင်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ဝန်ထမ်းသက် တစ်နှစ်ပြည့်မည်ဖြစ်ပြီး ခွင့်တစ်လ ရရှိ၍ မန္တလေးမြို့သို့ ပြန်ရန်ပြင်ဆင်နေစဉ် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

The Voice