အိန္ဒိယ ဘာသာရေးအဓိကရုဏ်းကြောင့် လူ ၂၃ ဦးသေဆုံး၊ စစ်တပ်က ထိန်းချုပ်ထား

ပို့စ်တင်ချိန် - 9/11/2013 08:54:00 AM


နယူးဒေလီ၊ စက်တင်ဘာ ၉

အိန္ဒိယနိုင်ငံတွင် လူဦးရေအများဆုံး ပြည်နယ် အူထရာပရာဒက်ရှ်တွင် ဘာသာရေးကို အခြေခံသောအုပ်စုဖွဲ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့လေရာ လူ ၂၃ ဦး သေဆုံးခဲ့ရပြီး နယ်မြေတည်ငြိမ်ရေး အတွက် အိန္ဒိယ စစ်တပ်က အဆိုပါဒေသကို ဝင်ရောက် တပ်စွဲကာ ထိန်းချုပ်ထားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အဓိကရုဏ်း အပြင်းထန်ဆုံး ဖြစ်သည့် မူဇက်ဖ်မာနာဂါခရိုင်တွင် ပြည်သူများက ရဲစခန်းအတွင်းတွင် ဝင်ရောက်နေထိုင်ရလျက် ရှိနေသည်။

"နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ၂၃ ဦး သေဆုံးထားပါတယ်" ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အမည်မဖော်ပြဘဲ AFP ကို အတည်ပြု ပြောကြားထားသည်။
"အခု တပ်မတော်လည်း ရောက်ရှိလာပြီမို့ အားလုံး ငြိမ်သက်သွားပါပြီ" ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

စစ်သည်အင်အား ရှစ်ရာခန့်ဖြင့် နယ်မြေတည်ငြိမ်ရေးကို စောင့်ကြပ်နေလျက်ရှိကြောင်း NDTV အိန္ဒိယပြည်တွင်း ရုပ်သံလိုင်းက ထုတ်လွှင့်ဖော်ပြသွားသည်။

အမျိုးသမီးတစ်ဦး လိင်ပိုင်းဆိုင်ရာ ထိပါးခံရခြင်းကို ထုတ်ဖော်ပြောကြား ဖွင့်ချသော ဟိန္ဒူအမျိုးသားသုံးဦး အသတ်ခံရသည့်ဖြစ်စဉ် ပြီးနောက် ထိုကိစ္စကိုတရား မျှတစွာ ဖြေရှင်းပေးပါရန် ဟိန္ဒူလယ်သမား ထောင်ကျော်ခန့် ရွာတစ်ရွာတွင် စုဝေးခဲ့ကြရာမှ ယင်းသို့ လူမျိုးဘာသာရေး အဓိကရုဏ်းများ ဖြစ်ခဲ့ပြီး လူသေမှုများ ဖြစ်ခဲ့ရသည်။

ယင်းလယ်သမားများ နေရပ်သို့ ပြန်စဉ် တိုက်ခိုက်ခံခဲ့ကြရပြီးနောက် တန်ပြန်တိုက်ခိုက်မှုများ ပြင်းထန်စွာဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဟိန္ဒူနှင့်မွတ်ဆလင် တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများ နီးစပ်ရာ ကျေးရွာများတွင် ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေကို ထိန်းရန် စစ်တပ်က ဝင်ရောက်လာခြင်း ဖြစ်သည်။

အူထရာပရာဒက်ရှ် ပြည်နယ်သည် လူဦးရေ သန်း၂၀၀ ရှိပြီး ၁၉၉၂ ခုနှစ် ကလည်းတစ်ကြိမ် ဟိန္ဒူလူအုပ်ကြီးက ဗလီဝတ်ကျောင်းကို မီးရှို့ခဲ့ပြီးနောက် အဓိကရုဏ်း ဖြစ်ပွားခဲ့ဖူးသည်။
The Voice Weekly