ဒုရဲအုပ်က ရဲအုပ်ကို သေနတ်ဖြင့်ပစ်သတ်

ပို့စ်တင်ချိန် - 9/05/2013 08:59:00 AM


မန္တလေး၊ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနတွင် စက်တင်ဘာ ၂ ရက်နေ့ ည ၁၁ နာရီခန့်က တာဝန်ချိန်အတွင်း ပျက်ကွက်သည့် ဒုရဲအုပ်တစ်ဦးကို ရဲအုပ်က ပြောဆိုနေစဉ် အဆိုပါဒုရဲအုပ်က ရဲအုပ်ကို ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်ခတ်ရာ ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း အဆိုပါရဲအုပ် မိသားစုဝင်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

သေနတ်ဖြင့်ပစ်ခတ်သူ အဆိုပါ ဒုရဲအုပ် သိန်းသန်းစိုးသည် တာဝန်ချိန်တွင်း တာဝန်ထမ်းဆောင်ရန် ပျက်ကွက်သဖြင့် ရဲအုပ်မောင်တင့်က ၄င်းကို ရုံးခန်းထဲတွင် စကားပြောဆိုနေစဉ် ယင်းကဲ့သို့ ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းထိမှန်ဒဏ်ရာရ ရဲအုပ်မောင်တင့်ကို မန္တလေးပြည်သူ့ဆေး ရုံကြီးသို့ တင်ပို့ခဲ့ရာ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"နှစ်ယောက်လုံးက အနေအေးသူ တွေချည်းပဲ။ ဒီလိုဖြစ်သွားတာကို နားလည်လို့ကို မရဘူး" ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မျိုးမင်းက ဆိုသည်။

တာဝန်မှူး တာဝန်ကျသူများသည် မှုခင်းအကူဌာနတွင် နေ့စဉ်ဖမ်းဆီးရမိသည့် အမှုဖြစ်စဉ်များ စစ်ဆေးခြင်း၊ စစ်ပြေးနှင့် တရားခံပြေးများကို စစ်ဆေးရခြင်း၊ ညပိုင်း လုံခြုံရေးအတွက် ညလှည့်ကင်းတာဝန်ကို ဆောင်ရွက်ရခြင်းများရှိပြီး အဆိုပါတာဝန် ပျက်ကွက်ပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်း ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်တစ်ဦးက ပြောကြားသည်။

"ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိဘူး။ ည ၁၂ နာရီလောက်မှ သေနတ်နဲ့ ပစ်ခံရတယ်လို့ ဖုန်းဆက်ပြောလို့ သိရတာ၊ သူ့အမျိုးသမီးနဲ့ သမီးနှစ်ယောက်က ဆိုရင် သေသွားတယ်လို့ ယုံတောင်မယုံကြဘူး" ဟု သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားသူ ရဲအုပ်မောင်တင့်နှင့် ညီမတော်စပ်သူ ဒေါ်သီတာဝင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်း တွင် ဒုရဲအုပ် သိန်းသန်းစိုးကို ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။