ဖိလစ်ပိုင်တောင်ပိုင်းမြို့ကို အစ္စလာမ္မစ်စစ်သွေးကြွများ ဝန်းရံတိုက်ခိုက်၊ အစိုးရတပ်ဖွဲ့ စစ်မျက်နှာနှစ်ဖက်ဖွင့်

ပို့စ်တင်ချိန် - 9/15/2013 10:28:00 AM


ဖိလစ်ပိုင်တောင်ပိုင်းရှိ ဇန်ဘိုဂါမြို့ကို ငြိမ်းချမ်းရေးဆွေးနွေးမှုကို မလိုလားသော အစ္စလာမ္မစ် စစ်သွေးကြွများက ဝန်းရံတိုက်ခိုက်နေပြီး အစိုးရတပ်ဖွဲ့ဝင်များက စစ်မျက်နှာ နှစ်ဖက်ဖွင့် ချေမှုန်းနေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဇန်ဘိုဂါ ဆိပ်ကမ်းမြို့တွင်း မောရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး
(MNLF) တပ်ဖွဲ့ဝင် ၁၈၀ ဦးနှင့် အစိုးရ တပ်ဖွဲ့ဝင်များကြား အပြန်အလှန် တိုက်ခိုက်မှုများ တနင်္လာနေ့မှ စတင်ဖြစ်ပွားနေခြင်းကြောင့် မြို့ခံ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
ထို့အပြင် ဇန်ဘိုဂါမြို့နှင့် ရေလက်ကြား ကျဉ်းကျဉ်းလေးသာ ခြားသည့် ဘာစီလန်ကျွန်းပေါ်ရှိ အစိုးရစစ်စခန်း များကိုလည်း အစ္စလာမ္မစ်လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် အစိုးရတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

"အဲဒီလို တိုက်ခိုက်မှုက သူပုန်တွေရဲ့ အာရုံလွှဲပြောင်းရေး နည်းဗျူဟာ တစ်စိတ် တစ်ဒေသပဲ" ဟု ဒေသဆိုင်ရာစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂရီဂိုရီက ပြောကြားသည်။

တောတောင်ထူထပ်ပြီး သူပုန်များ၏ အမာခံနယ်မြေတစ်ခု ဖြစ်သော ဘတ်စီလန် ကျွန်းပေါ်ရှိ အစိုးရစစ်စခန်းများကို တိုက်ခိုက်ရာတွင် MNLF အဖွဲ့အပြင် အခြားသော မဟာမိတ်လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့လည်း ပါဝင်ကြောင်း ၄င်းက ပြောကြားသည်။

ဇန်ဘိုဂါမြို့ကို အစ္စလာမ္မစ် လက်နက်ကိုင်များ ဝန်းရံတိုက်ခိုက်နေ သည်မှာ လေးရက် ကြာမြင့်နေပြီဖြစ်ပြီး ထိုးစစ်တင်လာသော အစိုးရတပ်ဖွဲ့ဝင်များ ကို သူပုန်များက မော်တာများ၊ လက်ဖြောင့် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

သူပုန်များမှာ MNLF အဖွဲ့ကို စတင် တည်ထောင်ခဲ့သည့် နာမီဆာရီ၏ နောက်လိုက်များ ဖြစ်ပြီး ၄င်းတို့သည် ၁၉၇၁ ခုနစ်မှစ၍ ခွဲထွက်ရေး တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။

မောရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး (MNLF) ၏ ပြိုင်ဘက် အဖွဲ့အစည်း ဖြစ်သော မော်ရိုအစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦး (MILF) နှင့် ဖိလစ်ပိုင်အစိုးရတို့ ကြား သီးခြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် စီစဉ်ခြင်းမှာ ၁၉၉၆ ငြိမ်းချမ်းရေးသဘော တူညီချက်ကို အစိုးရအဖွဲ့က ချိုးဖောက်ခြင်း ဖြစ်သည်ဟုဆိုကာ နာမီဆာရီက ပြီးခဲ့သည့်လအတွင်း လွတ်လပ်ရေး ကြေညာခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း ကြီးမားကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကို MILF အဖွဲ့က လွှဲပြောင်းရယူမည်ဖြစ်ပြီး ယင်းကဲ့သို့ အစိုးရအဖွဲ့က လုပ်ဆောင်ခြင်းသည် ကတိဖောက်ဖျက်ခြင်း ဖြစ်ပြီး မိမိ၏ MNLF အဖွဲ့ကို လျစ်လျူရှုခြင်းဖြစ်ကြောင်း နာမီဆာရီက စွပ်စွဲလိုက်သည်။
သို့သော်လည်း MILF အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီလိုက်ခြင်းမှာ MNLF အဖွဲ့နှင့် စာချုပ်ကို ဂုဏ်ပြုလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတောင်ပိုင်းဒေသရှိ လက်နက်ကိုင်တော်လှန်မှုများကို ရပ်ဆိုင်းနိုင်ရန် ကြိုးပမ်းနေသော ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်သည်။

အစ္စလာမ္မစ် သူပုန်များက ဇန်ဘိုဂါမြို့ကို လေးရက်ကြာ ဝန်းရံတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄ ဦးထိ သေဆုံးသွားပြီး အရပ်သား သုံးဦး၊ ရဲအရာရှိတစ်ဦး၊ စစ်သားနှစ်ဦး နှင့် သူပုန်ရှစ်ဦးတို့ ပါဝင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင် အာဏာပိုင်များနှင့် မြို့ကို ဝန်းရံထားသည့် သူပုန်များကြား ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု တည်ထောင်နိုင်ခဲ့ပြီး ဝန်းရံတိုက်ခိုက်မှု ရပ်ဆိုင်းပေးရန် သူပုန် ခေါင်းဆောင်များကို အစိုးရအရာရှိများက တိုက်တွန်းပြောကြားနေသည်။

ပဋိပက္ခဖြစ်ပွားနေသည့် ဇန်ဘိုဂါမြို့ တွင်း ပုန်းအောင်းနေထိုင်နေသည့် မြို့ခံများကို နေအိမ်များမှ ထွက်ခွာပြီး လုံခြုံရာ ဒေသသို့ လာရောက်ခိုလှုံကြရန် အစိုးရ အရာရှိများက တိုက်တွန်းထားသည်။

The Voice Weekly