တူရကီမြို့တော်ရှိ ရဲစခန်း ဒုံးကျည်သုံးစင်းဖြင့် တိုက်ခိုက်ခံရ

ပို့စ်တင်ချိန် - 9/23/2013 09:12:00 AM



တူရကီမြို့တော် အန်ကာရာရှိ ရဲစခန်းတစ်ခု ဒုံးကျည်သုံးစင်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း တူရကီ ပြည်ထဲရေးဝန်ကြီး မူမာဂူလာ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ဒစ်မန်းခရိုင်တွင်းရှိ အမျိုးသား ရဲတပ်ဖွဲ့ဦးစီးဌာနပိုင် အဆောက်အအုံ နှစ်လုံး ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့ပြီး ကျန်ဒုံးကျည် တစ်စင်းမှာ မြေပြင်ပေါ်သို့ ကျရောက်ပေါက် ကွဲခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

အနီးအနားဒေသ၌ ဒုံးကျည် ပစ်လွှတ်ရာတွင် အသုံးပြုသည့် ကိရိယာတစ်ခုနှင့် ပစ္စည်းကိရိယာများကို တွေ့ရှိရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ရဲစခန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ယောက်မျှ မရှိကြောင်း တူရကီနိုင်ငံက ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှု ဖြစ်ပွားရာ ဒစ်မန်းဒေသသည် ပြီးခဲ့သည့် လများအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွားရာ ဒေသဖြစ်ပြီး ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ကြောင်း ဖော် ထုတ်နိုင်ခြင်း မရှိသေးဟု NTV သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း လက်ဝဲဝါဒီ အစွန်းရောက်များ၊ အစ္စလာမ္မစ် အခြေခံဝါဒီများ၊ ကာ့ဒ် စစ်သွေးကြွများက တူရကီမြို့များကို တိုက်ခိုက်လေ့ ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်း အန်ကာရာ မြို့တော်ရှိ အမေရိကန်သံရုံး အသေခံဗုံးခွဲ တိုက်ခိုက် ခံခဲ့ရခြင်းကြောင့် လုံခြုံရေးတစ်ဦး သေဆုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုကို ၎င်းတို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း လက်ဝဲဝါဒီ ပြည်သူ့ လွတ်မြောက်ရေး တော်လှန်ရေးပါတီ တပ်ဦး (DHKP-C) က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် မေလအတွင်းကလည်း ဆီးရီးယား-တူရကီ နယ်ခြားအနီးရှိ ရာဟန်လီမြို့တွင် ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ပြီး ဆီးရီးယား အစိုးရအဖွဲ့နှင့် အဆက်အသွယ်ရှိသည့် အုပ်စုများက တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တူရကီနိုင်ငံက စွပ်စွဲခဲ့သည်။

တူရကီနိုင်ငံ၏ အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွင် ပြည်တွင်း စစ်မီး တောက်လောင်နေခြင်းကြောင့် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး ဆီးရီးယားသမ္မတ အာဆတ် ရာထူးမှ နုတ်ထွက်ပေးရမည်ဟု တူရကီဝန်ကြီးချုပ် အာဒိုဂန်က ထပ်တလဲလဲ တောင်းဆိုထားသည်။

ယင်းကဲ့သို့သော ဒေသတွင်း မတည်ငြိမ်မှုများအပြင် တူရကီပြည်တွင်းရှိ ကာ့ဒ် လူမျိုးစုများ၏ လက်နက်ကိုင် တော်လှန်မှုများ၊ ဝန်ကြီးချုပ် အာဒိုဂန် ဆန့်ကျင်ရေး တစ်နိုင်ငံလုံး အတိုင်းအတာ ဆန္ဒပြပွဲကြီးများကြောင့် မွတ်ဆလင်ကမ္ဘာ အနောက်တိုင်း အဆန်ဆုံး တူရကီနိုင်ငံတွင် မတည်ငြိမ်မှု များ တိုးမြင့်ပေါ်ပေါက်နေသည်။
The Voice Weekly