ချမ်းသာသည်ကို ကြွားလုံးထုတ်ပြီး လူအများကို “လယ်သမား” ဟု ခေါ်သူ

ပို့စ်တင်ချိန် - 9/26/2013 12:43:00 PM


သင့်အနေနဲ့ ပိုက်ဆံအများကြီး ရှိတယ်လို့ ခန့်မှန်းကြည့်ပါ။ သုံးမကုန်အောင် များတာမှ ဒေါ်လာ ၄ ထောင်ကို မိုးပျံပူပေါင်းနဲ့ ထည့်လွှတ်တာတို့ iPhone 5 ကို ဒါဇင်လိုက်ဝယ်တာတို့ကို အပျော်သဘောနဲ့ လုပ်နေရလောက်အောင်ကို များနေတယ် ဆိုပါတော့။

စိတ်ကူးထဲမှာတင် မဟုတ်ပါဘူး။ အပြင်မှာ တကယ်ဖြစ်နေတဲ့ ကိစ္စတစ်ခုပါ။ အင်တာနက်နဲ့ လူမှုရေး ကွန်ယက်တွေပေါ်မှာ လွန်စွာမှ ကျော်ကြားနေတဲ့ လူတစ်ယောက် အကြောင်းပါ။

သူကတော့ ဆော်ဒီမင်းသားလည်း မဟုတ်သလို၊ ကမ္ဘာကျော် သူဌေးကြီးလဲ မဟုတ်ပါဘူး။ သူကတော့ အသက် ၁၇ နှစ်သာ ရှိသေးတဲ့၊ မိမိကိုယ်ကို Lavish (အဆင့်မြင့်ဘဝ) လို့ ခေါ်တွင်နေတဲ့ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့က သူဌေးသားလို့ ယူဆရတဲ့ လူငယ်တစ်ဦးပါပဲ။

ဒီကောင်လေးဟာ နေ့စဉ်နေ့တိုင်း သူဘယ်လောက် ချမ်းသာလဲဆိုတာကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်မှာ ကြွားလုံးထုတ်နေပါတယ်။ သူ့ရဲ့ Instagram နဲ့ YouTube စတဲ့ လူမှုကွန်ယက်တွေပေါ်မှာ ဒေါ်လာ ၁၀၀ တန် အထုပ်လိုက်ကိုင်ပြတဲ့ပုံတွေ ၊ ဇိမ်ခံကား အကောင်းစားတွေ ၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့ ရိုက်ထားတဲ့ပုံတွေ ၊ ဝတ်ကောင်းစားလှတွေ ဝတ်ထားတဲ့ပုံတွေ ၊ စိန်ရွှေရတနာတွေ ကိုင်ထားတဲ့ ပုံတွေကို ဖောဖောသီသီကို ဖော်ပြထားပါတယ်။

သူ့ရဲ့ ဆိုရိုးစကားကတော့ “ငါ့ဘဝက Louis Vuitton လိုပါပဲ။ လူတွေအားလုံးက လိုချင်နေတယ်။ ကိုယ့်အိပ်ရာကိုယ် ခင်းရတာကတော့ မင်းတို့ လယ်သမားမျိုးတွေပါပဲ။” ဖြစ်ပါတယ်။ ဈေးကြီးတဲ့ ရေသန့်နဲ့တာ လက်ဆေးပြီး ၊ LV ပစ္စည်းတွေပဲ သုံးပါတယ်တဲ့။ စိတ်ကူးပေါက်ရင် လူတွေကို ဒေါ်လာသောင်းချီပြီး ပေးလေ့ရှိပါတယ်တဲ့။

Lavish ကို ကြည့်မရသူများကတော့ သူ့ရဲ့ ဘဝမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ အချို့ကတော့ Lavish ဟာ အာရပ်နွယ်ဖွား သူဌေးတစ်ဦးရဲ့ သားဟုဆိုပြီး အချို့သတင်းများကမူ ဆန်ဖရန်စစ္စကိုမြို့ရှိ ဘဏ်သူဌေးတစ်ဦးရဲ့ သားလို့ ဆိုပြန်ပါတယ်။

ယခုနောက်ပိုင်းမှာတော့ Lavish အကြောင်း ဖော်ထုတ်လာသူတွေ များလာပြီး ယင်းဖော်ပြထားသည့် ဓာတ်ပုံအချို့ဟာ ပြုပြင်ထားခြင်း (သို့) အခြားသူတစ်ဦးစီမှ ရယူထားခြင်းများ ရှိနေကြောင်း တွေ့ရှိလာရပါတယ်လို့ ဆိုပါတယ်။

Lavish ရဲ့ ဇာတ်လမ်းဟာ အမှန်တကယ်ပဲ အထိမ်းအကွပ်မဲ့နေတဲ့ သူဌေးသားရဲ့ အကြောင်းလား သို့တည်းမဟုတ် အသေအချာ စီစဉ်ပြီး ဆောင်ရွက်နေတဲ့ လူမှုကွန်ယက် စမ်းသပ်မှုတစ်ခုလား ဆိုတာကိုတော့ သင့်အနေနဲ့လည်း ချင့်ချိန်ပြီးသာ ဆုံးဖြတ်ပါတော့။
Myawady News