ကိုယ်ပိုင်ယာဉ် မသုံးရနေ့ သတ်မှတ်ထားခြင်း မရှိဟုဆို

ပို့စ်တင်ချိန် - 9/13/2013 11:44:00 AM


ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ် နိမိတ်အတွင်းရှိ မြို့နယ်များတွင် စက်တင်ဘာလ ၂၂ ရက် နေ့၌ ကိုယ်ပိုင်ယာဉ် မသုံးရနေ့အဖြစ် သတ်မှတ်ထားသည်ဟု သတင်းများ ပျံ့နှံလျက် ရှိသော်လည်း စက်တင်ဘာလ ၁၀ ရက်နေ့အထိ တရားဝင် ညွှန်ကြားစာ မရောက်ရှိသေးကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) အကြီးတန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“အဲဒါနဲ့ ပတ်သက်ပြီး လှမ်းလှမ်းမေးနေကြတယ်။ ကျွန်တော်တို့ဆီကို ဒီနေ့ဒီအချိန်ထိ တရားဝင် အကြောင်းကြားစာတွေ လုံးဝမရောက်သေးဘူး။ တကယ်လုပ်မယ်ဆိုရင် ဒီကိစ္စက ကျွန်တော်တို့ဆီ ရောက်နေလောက်ပြီ။ ထပ်စုံစမ်းပြီး လုပ်ရင်လုပ်မယ်။ မလုပ်ရင်လည်း မလုပ်ဘူး ဆိုတာကို သတင်းထုတ်ပြန်ပေးပါ့မယ်” ဟု အဆိုပါ အရာရှိက ရှင်းပြသည်။

ရန်ကုန်မြို့တော်၏ ယာဉ်ကြော ပိတ်ဆို့မှုမှာ ကိုယ်ပိုင်ယာဉ် မသုံးစွဲရနေ့ လုပ်ရုံမျှဖြင့် ပြေလည်မှု ရရှိမည် မဟုတ်ကြောင်း၊ ယာဉ်ကြောပိတ်ဆိုမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများတွင် ခုံးကျော် တံတား စီမံကိန်းများ ဆောက်လုပ်ရာတွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် ကြိုတင် ဆောင်ရွက်ထားမှု မရှိခြင်း၊ ယာဉ်ကြော ထူထပ်သော လမ်းဆုံများတွင် မီးပွိုင့်များ တပ်ဆင်ထားမှု မရှိခြင်း၊ ခရီးသည်တင်ယာဉ်များ မှတ်တိုင်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခြင်း၊ ပလက်ဖောင်းပေါ်တွင် လမ်းဘေးဈေးသယ် များကြောင့် ခြေလျင် လျှောက်သူများမှာ ကားလမ်းမပေါ်သို့ ဆင်းလျှောက်နေရခြင်းနှင့် ယာဉ်ကြော ထူထပ်သော လင့်ခ်လမ်းထောင့်နှင့် ဖိုးစိန် လမ်းထောင့်ကဲသို့ နေရာများတွင် မီးပွိုင့်များ တပ်ဆင်ပေးထားခြင်း မရှိခြင်းစသည့် အချက်များ ပါဝင်ကြောင်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်မောင်းများနှင့် အငှားယာဉ်မောင်းများက ပြောကြားသည်။

“လမ်းချဲ့ပေးထားပေမယ့် မြောက်ဥက္ကလာအဝိုင်းမှာ၊ လမ်းဘေးဈေးသည်နဲ့ ဘတ်စ်ကားတွေက တစ်ဖက် နှစ်လမ်းစာလောက် ပိတ်နေတယ်။ ခြောက်လမ်းသွားက တစ်ဖက်တစ်လမ်းစီပဲ သွားလို့ရတယ်။ အရင်တုန်းက အဝိုင်းကနေ မြို့ထဲသွားရင် နာရီဝက်ဆိုတာ အလွန်ဆုံးပဲ။ အခုတော့ လှည်းတန်းကပဲသွားသွား ရွှေဂုံတိုင်ကသွားသွား တစ်နာရီကျော် ကြာတယ်။ မွန်းကျပ်တဲ့ လိုင်းကားပေါ်မှာ အချိန်တွေ ကုန်နေတာ၊ အလုပ်လုပ်ရတာထက် ကားစီးရတာက ပိုပင်ပန်းတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဆောက်လုပ်ရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ကိုယ်ပိုင်ယာဉ် မသုံးရနေ့ သတ်မှတ်မည် ဆိုပါက မဖြစ်မနေ အသုံးပြုရမည်သူများကို ခြွင်းချက်များ ခွင့်ပြုပေးရန် ထည့်သွင်း စဉ်းစားပေးရမည် ဖြစ်ကြာင်း၊ အစိုးရယာဉ် မသုံးစွဲရနေများ Dry Day တွင်ပင် ခွင့်ပြုပေးခဲ့ရသော ဌာနပိုင်ယာဉ်များ ရှိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သော အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အဲဒီနေ့မှာ နေပြည်တော် အပါအဝင် တခြားနယ်တွေက ကိုယ်ပိုင်ကားနဲ့ ပြန်လာမယ့်သူတွေ ရှိသလို့ ဒီကသွားမယ့်သူတွေ ရှိတယ်။ သေချာစဉ်စားပြီးမှ လုပ်စေချင်တယ်။ ဖိနပ်နဲ့ မတော်လို့ ခြေထောက်ကို ခုတ်သလို့ ဖြစ်နေသလားလို့ပါ” ဟု ဆံပင် Export လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ပြောကြားသည်။
The Voice Weekly