အဝေးသင် တက္ကသိုလ် စာမေးပွဲအောင်မှတ်များ ထပ်မံတင်းကျပ်မည်

ပို့စ်တင်ချိန် - 9/26/2013 12:37:00 PM


ရန်ကုန်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်တို့က ယခုနှစ် အောက်တိုဘာလဆန်းတွင် စတင်ကျင်းပမည့် စာမေးပွဲ အောင်မှတ်များကို ယခင်နှစ်များထက် ပိုမိုတင်းကျပ်ထားကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလှတင့်က The Voice သို့ ပြောကြားသည်။

ရန်ကုန် အဝေးသင်တက္ကသိုလ်တွင် ၂၀၁၁ ခုနှစ်က အောင်ချက် ရာခိုင်နှုန်း ၉၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ နှစ်တွင် အောင်မှတ်များ တင်းကျပ်သဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၀ ကျော် ရှိခဲ့ရာမှ ယခုနှစ်တွင် ထပ်မံတင်းကျပ်ဦးမည် ဖြစ်ရာ သတ်မှတ် အောင်မှတ်အတိုင်း မရရှိသူများကို ထည့်သွင်း စဉ်းစားတော့မည် မဟုတ်သောကြောင့် အောင်ချက် ရာခိုင်နှုန်း ပိုမိုကျဆင်းနိုင်ဖွယ် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“အဝေးသင် တက္ကသိုလ်တွေရဲ့ အရည်အသွေး ပြန်ထိန်းနေပြီ။ ဒီနှစ်တော့ သတ်မှတ် အမှတ်ဝင်မှ အောင်မယ်” ဟု ဒေါက်တာလှတင့်က ပြောဆိုသည်။

ယခုနှစ် စာမေးပွဲတွင် ပါဝင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁၅၇,၀၄၇ ဦး ရှိပြီး ပထမ သိပ္ပံ ဘာသာတွဲ အသုတ်တွင် ၂၃,၅၁၄ ဦး၊ ဒုတိယ ဝိဇ္ဇာဘာသာတွဲ အသုတ်တွင် ၅၂,၉၈၇ ဦးနှင့် နောက်ဆုံး ဝိဇ္ဇာဘာသာတွဲ အသုတ်တွင် ၈၀,၅၄၆ ဦး ရှိကြောင်း ၎င်းကဆိုသည်။

အဝေးသင်တက္ကသိုလ် ဘွဲ့ကြိုတန်း ကျောင်းသားများအတွက် အနိမ့်ဆုံး အောင်မှတ် ၅၀ အထိ သတ်မှတ်ထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ဒီနှစ်စာမေးပွဲ တင်းကျပ်မယ်လို့တော့ ဆရာမတွေဆီက ကြားထားတယ်” ဟု အဝေးသင် တက္ကသိုလ် ရူပဗေဒ အထူးပြု ဒုတိယနှစ် ကျောင်းသားတစ်ဦးက ဆိုသည်။

ရန်ကုန်နှင့် မန္တလေး အဝေးသင် တက္ကသိုလ် စာမေးပွဲများကို အသုတ်သုံးသုတ် ခွဲခြားကျင်းပသွားရန် စီစဉ်ထားပြီး အောက်တိုဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့တွင် ပထမအသုတ် စာမေးပွဲများ စတင်ကျင်းပသွားမည် ဖြစ်ကြောင်း၊ ဒုတိယ အသုတ်ကို အောက်တိုဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြီး တတိယအသုတ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

ရန်ကုန် အဝေးသင်တက္ကသိုလ်တွင် စာဖြေဌာနခွဲ ၁၅ ခုရှိပြီး နှစ်စဉ် ဘွဲ့ကြိုသင်တန်း ကျောင်းသားသစ် ငါးသောင်းနီးပါး လက်ခံသင်ကြားလျက် ရှိသည်။
The Voice Weekly