ကမာရွတ်မြို့နယ်တွင် တစ်ညတည်း၌ ယာဉ်အစီး ၄၀ ကျော် ဘီးတာယာများ ထိုးဖောက်ခံရ

ပို့စ်တင်ချိန် - 9/13/2013 06:07:00 PM


ရန်ကုန်မြို့တော် ကမာရွတ်မြို့နယ် အမှတ် (၈) နှင့် အမှတ် (၃) ရပ်ကွက်တို့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်စောစောပိုင်းက လမ်းပေါ်ရပ်နားထားသည့် ယာဉ်အစီးရေ ၄၀ ခန့် ၏ ဘီးတာယာများကို ချွန်ထက်သည့်အရာဖြင့် ထိုးဖောက်ခံမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါယာဉ်ပိုင်ရှင် များက ပြောကြားသည်။

ကမာရွတ်မြို့နယ် အမှတ် (၈) နှင့် အမှတ် (၃)အတွင်းရှိ လှည်းတန်းလမ်း၊ မင်္ဂလာလမ်း၊ ရတနာလမ်းနှင့် မဟာဆိုရှယ်လမ်း၊ ခေမာလမ်း၊ မာလာလမ်း၊ စေတနာလမ်း၊ အဝေရာလမ်း၊ ဘောဂလမ်းနှင့် ဦးထွန်းလင်းခြံလမ်း တို့တွင် ညအိပ်ရပ်နား ထားသည့် အိမ်စီးယာဉ်များနှင့် အငှားယာဉ် အစီး ၄၀ ခန့်တို့၏ ဘီးတာယာများ ထိုးဖောက် ခံရသော်လည်း အခြားပစ္စည်းများ ပျောက်ဆုံးခြင်း မရှိခဲ့ကြောင်း အမှတ် (၈) ရပ်ကွက်တွင် နေထိုင်သူ ယာဉ်ပိုင်ရှင် မျာ က The Voice သို့ပြောကြား သည်။

"(၈) ရပ်ကွက်ထဲက လမ်းအားလုံး နီးပါးပဲ။ ကားကောင်း၊ ကားသေးတွေကို ရွေးလုပ်သွားတယ်။ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ လုပ်သွားတာ။ ဒီလောက်ကားအများကြီးကို တစ်ချိန်တည်း လုပ်သွားတယ် ဆိုတော့ အုပ်စုလိုက် ဖြစ်နိုင်တယ်။ စကေဘာလိုမျိုး အချွန်နဲ့ ထိုးသွားတာပါ" ဟု အငှားယာဉ်ဘီးတာယာ ထိုးဖောက်ခံခဲ့ရသူ ယာဉ်မောင်းဦးခင်ဇော် က ပြောကြားသည်။

အဆိုပါ နံနက်အစောပိုင်း၌ လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးရွာသွန်းချိန်တွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်ကို အခွင့်ကောင်းယူကာ တာယာများကို ထိုးဖောက်ခဲ့ခြင်း ဖြစ်ကြောင်း ရပ်ကွက် နေထိုင်သူများက တစ်ညီတညွတ်တည်း ပြောကြားသည်။

ယာဉ်အချို့တွင် အချက်ပေးကိရိယာများ တပ်ဆင်ထားသော်လည်း ယာဉ်၏ သံထည် အစိတ်အပိုင်းနှင့် ယာဉ်တုန်ခါအောင် ထိကိုင်မှသာ အချက်ပေးအသံ မြည်နိုင်ခြင်းဖြစ်ပြီး ရော်ဘာသား ကားဘီး တာယာကိုထိရုံဖြင့် အချက်ပေးအသံ မမြည်နိုင်ကြောင်း အဝေရာလမ်း (အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (စ.စ.စ) ရုံးဝင်းရှေ့) တွင် ရပ်နားထားပြီး ဘီးနှစ်လုံးထိုးဖောက် ခံခဲ့ရသည့် တက္ကစီယာဉ်မောင်းဖြစ်သူ ဦးခင်ဇော်က ဆိုသည်။

"ရှူးခနဲ လေထွက်တဲ့အသံ၊ ကားဘီးကို ထိုးလိုက်တဲ့အသံတွေကို တစ်ချို့ ကြားတဲ့သူ ကြားကြပေမဲ့ ဘီးပေါက်သံ၊ ခဲလုံး ပြုတ်ကျသံလို့ပဲ ထင်နေကြတာ" ဟု ကားဘီး ဖောက်ခံရသူ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

အသက် ၁၈ နှစ် အရွယ်ရှိ တီရှပ်အနက်ရောင် ဝတ်ဆင်ထားသူတစ်ဦးက တာယာများကို ကိုင်နေကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တာယာဖောက်ခံရသူ ယာဉ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

တာယာများ ထိုးဖောက်ခံရမှုသည် ရမ်းကားမှုသာဖြစ်ပြီး ကမာရွတ်မြို့နယ် တွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ဦးဇော်ဝင်း က ဆိုသည်။
"ပြန်ဖာလို့ မရအောင် ဘီးတစ်ဘီး မှာ ခုနစ်ချက် အဖောက်ခံလိုက်ရတော့ တာယာအသစ် လဲလိုက်ရတယ်။ တာယာဆိုင်မှာ ဘီးလာဖာတဲ့သူတွေ တန်းစီနေတာပဲ။ လုံခြုံရေးဘက်ကလည်း ရှိတဲ့ အင်အားနဲ့ အလှည့်ကျ ကင်းလှည့်နေတာပဲ။ နောက်ထပ် မဖြစ်ဖို့တော့ ဆောင်ရွက်ပေးစေချင် တယ်" ဟု မာလာလမ်းသွယ်တွင် ရပ်နားထားသည့် CAMMY ယာဉ်နှင့် Caldina အိမ်စီးယာဉ်နှစ်စီးလုံး ဘီးဖောက်ခံ ခဲ့ရသူ ယာဉ်ပိုင်ရှင်ဦးတင်စိုးက ပြောကြားသည်။

တာယာ ထိုးဖောက်ခံရသည့် ယာဉ်စီးရေ ၄၀ ကျော်ခန့်ရှိသည်ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသော်လည်း ကမာရွတ်မြို့နယ် (၈) ရပ်ကွက်ရှိ မင်္ဂလာလမ်းနှင့် မာလာလမ်း နှစ်လမ်းမှ ယာဉ် ၂၅ စီးခန့်သာ ထိုးဖောက်ခံရကြောင်း၊ ယာဉ်ပိုင်ရှင်များက အမှုဖွင့် ထားခြင်း မရှိသော်လည်း တာယာ ထိုးဖောက်သူကို စုံစမ်းဖော်ထုတ်မည် ဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ကမာရွတ်မြို့နယ်တွင် ယာဉ်စီးရေ ၂၀ ဝန်းကျင်၏ ကားတွင်း နောက်ကြည့်မှန်များ၊ ကား အမှတ်တံဆိပ်များနှင့် အခြားပစ္စည်းများကို တစ်ချိန်တည်း၊ တစ်ညတည်း ခိုးယူခံခဲ့ရကြောင်း ယင်းရပ်ကွက်ရှိ ယာဉ်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

(အောင်မျိုးထက်)
The Voice