မလေးရှားတွင် အဖမ်းခံ မြန်မာ ၅၀၀ ကျော်သွားပြီ

ပို့စ်တင်ချိန် - 9/04/2013 12:52:00 PM

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာ အလုပ်သမား အရေအတွက် ၅၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီး Datuk Seri Dr Ahmad Zahid Hamidi ကိုးကားပြီး မလေး သတင်းဌာနများက ဖေါ်ပြရာတွင် တနင်္ဂနွေနေ့ နံနက်စတင်ခဲ့သော တရားမ၀င် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်အတွင်း ဖမ်းဆီးခံရသူ နိုင်ငံခြားသား အလုပ်သမား အရေအတွက်မှာ စုစုပေါင်း ၂၄၃၃ ဦးရှိကြောင်း ဖေါ်ပြသည်။

ယမန်နေ့ တနင်္လာနေ့ ညနေထိ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား အရေအတွက်မှာ ၅၅၅ ဦးရှိသွားပြီ ဖြစ်သည်ဟု မလေးရှားက လာသော သတင်းများတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူ နိုင်ငံခြား အလုပ်သမားများထဲတွင် မြန်မာမှာ ဒုတိယ အများဆုံး ဖြစ်ပြီး အင်ဒိုနီးရှားမှာ ပထမဖြစ်သည်။ ဖမ်းဆီးခံရသော အင်ဒိုနီးရှား အလုပ်သမား အရေအတွက်မှာ  ၇၁၇ ဦးရှိသည်။

မြန်မာနောက်မှ တတိယ အများဆုံး အဖမ်းခံရသော အလုပ်သမားများမှာ ဘင်္ဂလာဒေခ်ျ့က ဖြစ်ပြီး စုစုပေါင်း ၃၈၇ ဦးရှိကြောင်း သိရသည်။

ယခု စီမံချက်မှာ ပုံမှန်ပြုလုပ်နေကျ မဟုတ်ဘဲ အထူး အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခု စီမံချက်သည် ယခုနှစ်ကုန်သည် အထိ  ပြီးဆုံးမည် မဟုတ်ကြောင်း မလေးအာဏာပိုင်များက ပြောသည်။

ယခုစီမံချက်တွင် မလေးရှားနိုင်ငံမှ ၀န်ထမ်းပေါင်း ၂၂၀၇ ဦး ပါဝင် လုပ်ကိုင်နေသည်ဟု သိရသည်။

(နိရဉ္စရာ- ၃ စက်တင်္ဘာ ၂၀၁၃)