အသင့်ဖျော် ကော်ဖီနှင့် လက်ဖက်ရည်မှ အာဟာရဓာတ် မရနိုင်ဟု ပြည်ထောင်စုဝန်ကြီးဆို

ပို့စ်တင်ချိန် - 9/26/2013 12:54:00 PM

မြန်မာနိုင်ငံတွင် သောက်သုံးမှု များပြားလှသော အသင့်ဖျော် ကော်ဖီနှင့် လက်ဖက်ရည်များကို သောက်သုံးခြင်းဖြင့် လိုအပ်သော အာဟာရဓာတ်များ မရရှိနိုင်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။

မိတ္ထီလာမြို့နယ် ကံဦးနယ်မြေ ကျီတော်ကုန်း ရပ်ကွက်ရှိ ဝင်းမေတ္တာ နို့စားနွား မွေးမြူရေးခြံသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က ရောက်ရှိစဉ် ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ အသင့်ဖျော် ကော်ဖီနှင့် လက်ဖက်ရည်များ နေရာတွင် ကိုယ်ခန္ဓာအတွက် လိုအပ်သော အာဟာရဓာတ်များ ရရှိနိုင်သည့် သန့်ရှင်းလတ်ဆတ်၍ ရောဂါကင်းသော နို့ကိုသောက်သုံး သင့်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သုံးသပ်သည်။

ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချသော အသင့်ဖျော် ကော်ဖီမစ်အချို့ကို ပဲခွံမှုန့်၊ အုန်းခွံမှုန့်များ ပြုလုပ်ထားကြောင်း အဆိုပါ လုပ်ငန်းများနှင့် နီးစပ်သူများက ပြောဆိုလေ့ရှိသော်လည်း သက်ဆိုင်ရာ အစိုးရဌာနများ၊ စားသုံးသူ ကာကွယ်ရေး အဖွဲ့များက စစ်ဆေး၍ အထောက်အထား ထုတ်ပြန်ခြင်း မရှိသေးပေ။
“ရောဂါ ရ၊ မရဆိုတာနောက်ထား အဲဒီကော်ဖီမစ်တွေ သောက်ပြီးရင် သိသိသာသာ ရင်တွေတုန်လာတာတော့ အမှန်ပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယင်းသို့ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်များသည် ကြာရှည်ထားနိုင်ရန်အတွက် အစားအစာများကို တာရှည်ခံနိုင်စေမည့် ဓာတ်ပစ္စည်းကို အသုံးပြုထားနိုင်ပြီး အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်များကို တစ်ရက်လျှင် ငါးခွက်ခန့် နှစ်ရှည် သောက်သုံးပါက အစာအိမ်၊ အစာအိမ်နာရောဂါများ ဖြစ်ပွား၍ အူသိမ်တွင် အနာဖြစ်ကာ ခွဲစိတ်ရနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။
“ကော်ဖီမှာတော့ သကြားဓာတ်၊ ကဖင်းဓာတ်တွေပဲ ပါမယ်။ ဘာအာဟာရမှတော့ ရမှာမဟုတ်ဘူး၊ လက်ဖက်ရည်ကတော့ သူ့မှာပါတဲ့ ဓာတ်တစ်မျိုးကြောင့် သံဓာတ်စုပ်ယူနိုင်မှုကို တားတဲ့အတွက် သွေးအားနဲစေတယ်” ဟု ၎င်းကဆိုသည်။

နွားနို့တွင် ကိုယ်ခန္ဓာအတွက် လိုအပ်သော အာဟာရဓာတ်များ ပါဝင်ပြီး၊ အဓိက လိုအပ်သော ကယ်လ်စီယမ်သည် အရိုးပွရောဂါကို ကာကွယ်ပြီး၊ အချို့အစာအိမ် ရောဂါများအတွက် နို့သောက်သုံး သင့်သော်လည်း မွေးကင်းစ ကလေးငယ်များ၏ အူများသည် နို့နှင့် နို့ထွက်ပစ္စည်း သောက်သုံးမှုကို လက်မခံနိုင်သေး၍ အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ယမ်းမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်းက ပြောသည်။

နေ့စဉ် နွားနို့ကို သောက်သုံးခြင်းဖြင့် လိုအပ်သော ကယ်လ်စီယမ်၊ ဗီတာမင်နှင့် အာဟာရဓာတ်များ ရရှိစေနိုင်သည့် အတွက် နွားနို့ပေါများစွာ သောက်သုံးနိုင်စေရန် နို့စားနွား မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်၍ နွားနို့ထုတ်လုပ်မှု တိုးတက် မြင့်မားစေရေးအတွက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။

နှစ်စဉ် စက်တင်ဘာလ နောက်ဆုံးပတ်၏ ဗုဒ္ဓဟူးနေ့သည် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ (World School Milk Day) ဖြစ်ရာ (၁၄) ကြိမ်မြောက် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုမ္ပဏီအချို့ ပူးပေါင်း၍ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များရှိ မူလတန်းကျောင်းသူ ကျောင်းသား ၆၅,၀၀၀ ဦး ကို နို့တိုက်ကျွေးခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly