ဂျပန်မြေအောက်ရထားလိုင်းက ပါဝါရိန်းဂျား

ပို့စ်တင်ချိန် - 9/18/2013 08:41:00 AM




(သန့်ဇင်စိုး)

ကလေးတို့အသည်းကျော် ပါဝါရိန်းဂျားဇာတ်ကောင် များကို သိကြပေလိမ့်မည်။ အများအကျိုးအတွက် သူ့မှာရှိတဲ့ ဆူပါဟီးရိုးပါဝါများကို သုံးပြီး ကူညီပေးကြ သူများ ဖြစ်ကြသည်။ ကြီးလာရင် ပါဝါရိန်းဂျားလုပ်မယ် ဟု ပြောကြသည့် ကလေးများပင်ရှိသည်။ ကြီးလာသောအခါ ပါဝါရိန်းဂျား လုပ်ဦးမလားဟု ပြန်မေးလျှင်တော့ ငယ်ငယ်ကမဖြစ်နိုင်တာကို ပြောမိတာ ပြန်တွေးမိရင်း ရှက်ကောင်း ရှက်မိပေလိမ့်မည်။

သို့သော် ကလေးတွေ ပါဝါရိန်းဂျား ဖြစ်လာနိုင် သည်ကို ဂျပန်ကလူငယ်တစ်ဦး ကတော့ သက်သေပြခဲ့ ပါသည်။ သူတကယ်လည်း ပါဝါရိန်းဂျားဖြစ်ခဲ့သည်။ ပါဝါရိန်းဂျား ဇာတ်ကောင်က သူ့မှာရှိသည့် စွမ်းရည်ကို သုံးပြီး အများကိုကူညီခြင်းမျိုး ဆိုလျှင် သူကလည်း ပါဝါရိန်းဂျားပင် ဖြစ်ပေတော့သည်။

သူ့အမည်က တာဒါဟီရိုကာနီမာဆု ဖြစ်သည်။ အသက်က ၂၇ နှစ်ဝန်းကျင်။ အစိမ်းရောင်ကုန်စုံဆိုင် တစ်ဆိုင်တွင် စီးပွားရှာ အလုပ်လုပ်ကိုင်သည်။ သူ့ အားလပ်ချိန်ကလေးများတွင် ပါဝါရိန်းဂျားအဖြစ် ပြောင်းသွားပြီး အများအကျိုးကို ကူညီသည်။ သူနေသည့် မြို့တော်တိုကျိုရှိ အချို့မြေအောက်ဘူတာ များက အနက်ကြီး ဆင်းရကာ ဓာတ်လှေကားမရှိ၊ စက်လှေကား မရှိနှင့် မစားသာလှပေ။ အထုပ်အပိုးများ နှင့်ဆိုလျှင် တော်တော်ပင်ပန်းသည်။ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ သားသည်အမေများ ဆိုလျှင် အထုပ် တစ်ဖက်နှင့် ခက်ခက်ခဲခဲဆင်းရသည်။

ပါဝါရိန်းဂျားသည် ကမ္ဘာကြီးကို မကယ်တင်နိုင် သော်လည်း အထုပ်အပိုးများကိုတော့ ဝိုင်းဆွဲပေး နိုင်သည်။ သူကစေတနာ့ဝန်ထမ်း မြေအောက်ရထားလမ်း လှေကားတွေမှာ အထုပ် လိုက်ဆွဲပေးနေတုန်း ပါဝါရိန်းဂျားပုံစံ ဝတ်ထားသည်။ အစိမ်းရောင် ပါဝါရိန်းဂျား ဝတ်စုံနဲ့ သူ့ပုံက ရုပ်ရှင်ထဲက သူရဲကောင်းအလားပင်။ ပေါကြောင်ကြောင် ရယ်စရာကြီး ဖြစ်နေပေမယ့် သူကူသယ်ပေးတာကို ရလိုက်သည့် ခရီးသည်များ ကတော့ တော်တော် ကျေးဇူးတင်ပေလိမ့်မည်။

"ကျွန်တော်တို့ ဂျပန်တွေက သူတစ်ပါး ကျေးဇူးခံ ကျေးဇူးစားဖြစ်ရမှာ တော်တော်ဝန်လေးကြတယ်။ ဒီတော့ ဒီမျက်နှာဖုံးလေး စွပ်ထားလိုက်တော့ အဆင်ပြေသွားရော" တဲ့။ တာဒါဟီရိုကာနီမာဆုက ပြောကြားသည်။
တိုကျို မြေအောက်ရထားလမ်း လှေကားတွေမှာ သူစေတနာ့ဝန်ထမ်း လုပ်ချိန်ဆို သွားထိုင်စောင့်ပြီး သက်ကြီးရွယ်အိုများ၊ အထုပ် မနိုင်မနင်းဖြင့်လာသည့် သူများနှင့် သားသည်မိခင်များကို ကူညီလေ့ရှိသည်။

သူဒီလိုမျိုး သူတတ်နိုင်သလောက် အများအကျိုးဆောင် ကူညီပေးနေသည်မှာ လအတန်ကြာပြီ ဖြစ်သည်။ အားလပ်တဲ့ အချိန်လေးတွေ သွားကူညီပေးသည်။ သူက ပါဝါရိန်းဂျား ဆိုသည်မှာ တစ်ရောင်တည်းရှိသည် မဟုတ်၊ အခြားအရောင်များလည်း ရှိသည်မို့ အဖော် အပေါင်းအသင်း အလိုရှိသည်ဟု ပြောထားသည်။ ပါဝါရိန်းဂျား နောက်ထပ်အရောင်တွေပေါ့။ ပန်းရောင် နှင့် အနီရောင်တို့ လာရောက်စုံစမ်းနေပြီ လို့လည်း ဆိုသည်။

ကုန်စုံဆိုင်တွင် သူနှင့် အလုပ်အတူလုပ်ကိုင်သည့် ဟာရာတိုအီတိုက တာဒါဟီရိုသည် သူတစ်ပါးအပေါ် ကြင်နာတတ်သူဖြစ်ပြီး သူ့ကိုယ်ကျိုးကို လုံးလုံးစိတ် မဝင်စားသူ ဖြစ်ကြောင်း ပြောပြသည်။
"သူဒါကို လုပ်မယ်လို့ လတော်တော်ကြာက တည်းကပြောပြီး တကယ်လည်း လုပ်ပါတယ်။ ခုဆိုရင် သူဟာ ဆူပါဟီးရိုးကြီး တစ်ယောက်ကို ဖြစ်နေပါပြီ" ဟု ဟာရာတို အီတိုက ပြောကြားသည်။

စစချင်းကူညီတုန်း ကတော့ ပါဝါရိန်းဂျားလည်း တော်တော်ခက်ခဲခဲ့သည်။ လူတွေက အရူးများလား၊ ဘာလားဟု လန့်ကြသည်။
"ခုထိလူတွေက ကျွန်တော့်ကို ရူးကြောင်ကြောင် လို့ မြင်ကြတာရှိတယ်။ ဒါပေမဲ့ ကောင်းသောရူးခြင်း ပေါ့ဗျာ"ဟု တာဒါဟီရိုက ပြောပါသည်။

သူကတော့ သူလုပ်နေတဲ့ ပါဝါရိန်းဂျားအလုပ် သည် သူတစ်ပါးကို ကူညီခြင်းလည်း ဖြစ်သလို အနုပညာ ပါဖောမန့်လည်း ဖြစ်သည်ဟု သူ၏ Facebook စာမျက်နှာတွင် ပြောထားသည်။ သူ့ကို အချိန်ပိုင်း ဝိုင်းကူပေးချင်တဲ့ တခြားပါဝါရိန်းဂျားတွေလည်း လာပြီး သူ့ဆီ စာရင်းသွင်းနေကြတယ်လို့ သတင်းတွေက ရေးသားကြပါတယ်။

သူဟာ ရူးကြောင်ကြောင် လုပ်နေတာပဲဖြစ်ဖြစ်၊ လုပ်ချင်ရာလုပ်တတ်တဲ့ အနုပညာသည် တစ်ယောက်ပဲဖြစ်ဖြစ် တိုကျိုဘူတာတစ်ခုမှာ သူ့ကြောင့် ရထားစီး သက်ကြီးရွယ်အိုတွေ တော်တော် အသက်ရှူချောင်တာတော့ အမှန်ပါပဲ။

ကဲ .. လူတိုင်း ပါဝါရိန်းဂျားဖြစ်နိုင်တာကို သက်သေပြသွားခြင်းပင် မဟုတ်လော။
The Voice Weekly