သုဝဏ္ဏတွင် စက်ဘီးကို ကားတိုက်မိရာမှ ဓားထိုးမှုဖြစ်

ပို့စ်တင်ချိန် - 9/10/2013 03:50:00 PM


ရန်ကုန်၊ စက်တင်ဘာ ၉
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ (ဂ)ရပ်ကွက် ဘောဂလမ်းရှိ ဟိန္ဒူ ဘုရားကျောင်း အနီးတွင် စက်တင်ဘာလ ၈ ရက် ည ၈ နာရီ မိနစ် ၃၀ ခန့်က ရပ်ထားသော စက်ဘီးကို ထိုလမ်းတွင် နေထိုင်သူမောင်းနှင်လာသည့် တိုယိုတာ Hi Jet အငှားယာဉ်ဖြင့် တိုက်မိရာ မှ စက်ဘီးပိုင်ရှင်နှင့် ယာဉ်မောင်းတို့ စကား ပြောနေစဉ် ထိုယာဉ်မောင်းနှင်သူနှင့် တစ်လမ်းတည်း နေထိုင်သူ အမျိုးသားတစ်ဦးက စက်ဘီးပိုင်ရှင်ကို ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် က The Voice သို့ ပြောကြားသည်။

သုဝဏ္ဏနယ်မြေ (၂၉) ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ကျော် အရွယ်ရှိ ဦးလှသိန်းသည် (ဂ)ရပ်ကွက် ဘောဂလမ်းနေ သူငယ်ချင်းအိမ်သို့ စက်ဘီးဖြင့် အလည်လာပြီး အိမ်ရှေ့တွင် စက်ဘီးရပ်ထားစဉ် ထိုလမ်းအတွင်း နေထိုင်သည့် အမျိုးသမီး တစ်ဦးမောင်းလာသော Taxi ယာဉ် တစ်စီး နောက်ဆုတ်ရာမှ စက်ဘီးကိုတိုက်မိခဲ့ပြီး စက်ဘီးပိုင်ရှင်နှင့် ၄င်းအမျိုးသမီးတို့ အချင်း များနေစဉ် ဘောဂလမ်းတွင် နေသူ အသက် ၃၂ နှစ်အရွယ် ကိုပေါကြီး (ခ)မြင့်အောင် ဆိုသူက ရောက်ရှိလာပြီး ဦးလှသိန်း၏ ညာဘက်ခါးအောက်သို့ အရှည်ရှစ်လက်မ ခန့်ရှိသည့် ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

“အဖေ(ဦးလှသိန်း) က စကားပြော နေတုန်း ဒီလူက ခါးကို တို့လိုက်တယ်ထင်တာ ပြီးမှ သွေးတွေထွက်လာလို့ ဓားထိုးမှန်း သိတာ” ဟု ဓားထိုးခံရသူ၏ သမီးဖြစ်သူ မသိန်းက ပြောကြားသည်။

ဓားထိုးခံရသူ ဦးလှသိန်းသည် အနေအထိုင် အေးဆေးသူဖြစ်ပြီး ၄င်းသည် ရပ်ကွက်အတွင်း တစ်ကြိမ်မှ ခိုက်ရန်ဖြစ်ပွားမှု မရှိကြောင်း (၂၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းက ပြောဆိုသည်။

“ဓားနဲ့ထိုးတဲ့သူက လူသတ်မှုနဲ့ ထောင်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတာ တစ်နှစ်တောင် မကြာသေးဘူး” ဟု (ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ရှင်းပြသည်။

ဓားထိုးခံရသူကို သင်္ဃန်းကျွန်း မြို့နယ် စံပြဆေးရုံကြီးတွင် ကုသလျက်ရှိပြီး ဒဏ်ရာမှာ သက်သာလာကြောင်း ဓားထိုးခံရသူ၏ သမီးဖြစ်သူ မသိန်း၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ဓားထိုးခံရမှုနှင့် ပတ်သက်၍ ဓားထိုးကာထွက်ပြေးခဲ့သူ ပေါကြီး(ခ)မြင့်အောင်ကို (ပ) ၂၈၂/ ၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် သုဝဏ္ဏနယ်မြေ ရဲစခန်းက အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။


Credit: The Voice Weekly News